Yoma3 » ဥပဒေရေးရာ

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၇)
ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ အရ နစ်နာသူကိုယ်တိုင် တရားလိုပြုလုပ် တရားစွဲဆိုရမည်ဆိုလျှင်၊ ယခုအချိန်အထိ တရားလိုပြုလုပ်တရားစွဲဆိုထားသည့် တဂုံမြို့သစ်မြို့နယ်၊ မြို့နယ်မှူး ဒုရဲမှူး တင်မောင်အေးသည် အမှန် တကယ်တရားလို ဟုတ်မဟုတ်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပေါ်ပေါက်အောင်မေးမြန်းရမည် ဖြစ်သည်။

ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ ဆိုသည်မှာ အကြောင်းအရာတခုကို ပုံနှိပ်ရာတွင်၊ သို့တည်းမဟုတ် ထွင်းထုရာတွင် ထိုအကြောင်းအရာသည် တဦးတယောက်သော သူ၏ အသရေကို ပျက်စေသည်ဟု သိလျှင်၊ သို့တည်းမဟုတ် ထိုသို့ ပျက်စေသည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင်ဟု အတိအလင်း ပြဌာန်းထားရာ၊ စွပ်စွဲခံရသူ ကိုတင်ဝင်းရေးသားသည့် “ခွပ်ဒေါင်းအာမာန်” စသည်အားဖြင့် ကဗျာများသည် ပုံနှိပ်ထားခြင်းဖြစ်သည်မှာ မှန်ပေသည်။ ထို့ကြောင့် အငြင်းပွားရန် အကြောင်းမပေါ်ပေါက်ပါ။ အငြင်းပွားစရာများမှာ အသရေကိုပျက်စေသလား ဆိုသည့်အချက်၊ အသရေကိုပျက်စေပါကလည်း မည်သူ၏ အသရေကိုပျက်စေပါသလဲ ဆိုသည့်အချက်များသည် အငြင်းပွားစရာ ပြဿနာများ ဖြစ်လျက်ရှိသည်။

ထို့ကြောင့် ယင်းနှစ်ချက်ကို တရားရုံးမှ သိရှိစေရန်လည်းကောင်း၊ မှန်ကန်သည့်အတိုင်း သက်သေခံထွက် ချက်များတင်သွင်းနိုင်ရန်အတွက်လည်းကောင်း မေးမြန်းရမည်ဖြစ်သည်။

ဤနေရာတွင် ရေးသားရန်တစ်ချက်ကျန်ရှိနေသေးသည်မှာ “စွဲချက်တင်သည်” ဆိုသည့်အဆင့်ပင် ဖြစ်သည်။ စွပ်စွဲခံရသူများအား စွဲချက်တင်လိုက်သည်ဆိုသည်မှာ တရားရုံးတော်အနေဖြင့် တရားလိုဘက်မှ စွပ်စွဲထားသည့် စွပ်စွဲချက်များသည် ခိုင်လုံသည်ဟု ယေဘုယျအားဖြင့် မှတ်ယူလိုက်ပြီဖြစ်သည်။ တနည်းအားဖြင့် ပြစ်မှုဆိုင်ရာဥပေဒတွင် စွပ်စွဲခံရသူအပြစ်ရှိကြောင်း သက်သေပြရန်တာဝန်မှာ တရားလိုဘက်သို့ အစဉ်တစိုက်ကျရောက် သည်ဆိုသည့် အခြေခံမူကို တရားလိုဘက်မှ ပဏာမအားဖြင့် သက်သေထင်ရှားပြသနိုင်ပြီဟု တရားရုံးက လက်ခံလိုက်ခြင်းသာဖြစ်သည်။ စွဲချက်တင်လိုက်သည့်အတွက် စွပ်စွဲခံရသူကို အမှန်တကယ်အပြစ်ရှိသည်ဟူ၍ ယူဆရမည်မဟုတ်ပါ။ စွပ်စွဲခံရသူဘက်မှ မိမိသည် တရားလိုတင်ပြသည့် စွပ်စွဲချက်များကို ကျူးလွန်ခြင်း မရှိကြောင်း သက်သေခံအချက်အလက်များ တင်ပြခြင်း၊ လူသက်သေများတင်ပြခြင်း စသည်အားဖြင့် ပြန်လည်ထုချေရှင်းလင်းရမည် ဖြစ်သည်။

ထို့ကြောင့် စွဲချက်တင်ခြင်းမတိုင်ခင်အဆင့်သည် စွပ်စွဲသူ(တရားလိုဘက်)မှ စွပ်စွဲခံရသူတွင် အပြစ်ရှိပါသည်ဟု တရားရုံးတွင် သက်သေခံအချက်အလက် အထောက်အထားအခိုင်အမာ တင်ပြရသည့်အဆင့်ဖြစ်၍ စွဲ ချက်တင်ပြီးအဆင့် နောက်ပိုင်းသည် စွပ်စွဲခံရသူဘက်မှ သက်သေခံအချက်အလက် အထောက်အထားအခိုင်အမာ တင်ပြလျက် စွပ်စွဲသူ(တရားလို) ဘက်ကစွပ်စွဲချက်များသည် မဟုတ်မှန်ကြောင်းပြန်လည်ချေပရသည့်အဆင့် ဖြစ်ပေသည်။

စွဲချက်တင်ခြင်းမတိုင်ခင်အဆင့်တွင်ဖြစ်စေ၊ စွဲချက်တင်ပြီးသည့်နောက်ပိုင်းအဆင့်တွင်ဖြစ်စေ၊ အဆင့် နှစ်ခုစလုံးတွင် စွပ်စွဲသူ(တရားလို) ဘက်မှလည်းကောင်း၊ စွပ်စွဲခံရသူ ဘက်မှလည်းကောင်း အပြန်အလှန်မေးခွန်းများ မေးမြန်းချေပခွင့်များ ရရှိကြသည်။

စွဲချက်တင်ပြီးသည့်နောက်ပိုင်းအဆင့်၌ ယခင်စွဲချက်တင်ခြင်းမတိုင်ခင်အဆင့်တွင် စစ်ဆေးမေးမြန်းခဲ့ပြီးသော တရားလိုနှင့်တရားလိုပြသက်သေများကို ပြန်လည်ခေါ်ယူစစ်ဆေးမေးမြန်းခွင့်ရရှိပေသည်။ ထို့ကြောင့် ကျွန်တော်သည် တရားလိုနှင့် တရားလိုသက်သေများဖြစ်ကြသည့် ဒုရဲမှူးတင်မောင်အေး၊ အခြားရဲအုပ်တစ်ယောက်၊ ဒုရဲအုပ်တစ်ယောက်ကို ပြန်ခေါ်သက်သေများအဖြစ် စာရင်းတင်သွင်းထားခဲ့ပြီးဖြစ်သည်။ ၎င်းတို့အပြင် တရားလိုဘက်ကတင်ပြထားသည့် အခြားသက်သေများကို ခေါ်ယူစစ်ဆေးချင်သော်လည်း “တရားခွင်ကိုနှောင့် နှေးကြန့်ကြာအောင်လုပ်ခြင်းသည်၊ တရားမျှတမှုကို ငြင်းပယ်ခြင်းပင်ဖြစ်သည်” ဆိုသည့် တရားစီရင်ရေးမူသဘောကို လေးစားလိုက်နာသောအားဖြင့် စစ်ဆေးမေးမြန်းရာတွင် အကြောင်းမထူးနိုင်မည့် တရားလိုပြသက်သေများဖြစ်ကြသော ရယကဥက္ကဌများ၊ ရာအိမ်မှူးများကို ဖယ်ထုတ် ချန်လှပ်ထားခဲ့ရသည်။

တရားလို ဒုရဲမှူး တင်မောင်အေးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးမေးမြန်းရသောအခါ၊ ပထမဦးစွာ ပြောင်းလဲစွပ်စွဲလိုက်သည့် ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန်အတွက်

ပြစ်မှုဥပဒေပုဒ်မ- ၅၀၁ သည် အသရေဖျက်မှုအတွက် ပုဒ်မဖြစ်သည်ကို သိပါသလားဆိုသည့် မေးခွန်း

တစ်စုံတဦးကို အခြားတစုံတဦးက အသရေဖျက်သည်ဆိုရာတွင် လူနှစ်ဦးသို့မဟုတ် နှစ်ဦးထက်ပိုမိုသူများ ပါဝင်ရမည်ဆိုလျှင် – ဟုတ်ပါသလား ဆိုသည့်မေးခွန်းမျိုး

ကိုတင်ဝင်းရေးသားထားသည့် ကဗျာများထဲမှ မည်သည့်ကဗျာစာသားများက အသရေဖျက်စေသည့်ပြစ်မှုမြောက်သည်ဟု ထောက်ပြပြောဆိုနိုင်ပါလား – ဆိုသည့်မေးခွန်းမျိုး(ယင်းမေးခွန်းကို မေးမြန်းသည့်အချိန်တွင် “ခွပ်ဒေါင်းအားမန်” ဆိုသည့်စကားရပ်က ပြစ်မှုမြောက်စေပါသည်ဟု ပြန်လည်ဖြေဆိုလေသည်။) ထို့ကြောင့် -

ခွပ်ဒေါင်းအားမန်ဆိုသည့် စကားရပ်ကအသရေဖျက်စေသည့် ပြစ်မှုကိုမြောက်စေသည်ဟုဆိုလျှင် မည်သူ့ကို အသရေဖျက်သည်ဟု ညွှန်ပြပြောဆိုနိုင်ပါသလား – ဆိုသည့်မေးခွန်းမျိုး (ယင်းမေးခွန်းကို မေးမြန်းရာတွင် “နိုင်ငံတော်” ကိုအသရေဖျက်စေပါသည်ဟု ဖြေဆိုသည်) ထိုကြောင့် -

နိုင်ငံတော်ဆိုသည်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ရည်ညွှန်းပါသလား – ဆိုသည့်မေးခွန်းမျိုး (ယင်းမေးခွန်းကိုမေးမြန်းရာတွင် “မဟုတ်ပါ” ဟုဖြေဆိုသည်) ထို့ကြောင့်

အခြားသော နိုင်ငံအကြီးအကဲများကို ရည်ညွှန်းပါသလား – ဆိုသည့်မေးခွန်းမျိုး(ယင်းမေးခွန်းကိုလည်း “မဟုတ်ပါ” ဟုဖြေဆိုသည်)

ကျွန်တော်မေးခွန်းများ ဆက်လက်မေးမြန်းရန် မလိုလောက်အောင် အဓိပ္ပာယ်ကထွက်ပေါ်လာခဲ့ပါသည်။ ဒုရဲမှူး တင်မောင်အေးဖြေဆိုသည့် ဖြေဆိုချက်များအရဆိုလျှင် ကိုတင်ဝင်းရေးသားထားသည့် ကဗျာစာသားများသည် အသရေဖျက်မှုကို မြောက်စေသည်ဟုဆိုရာတွင်

၁။ အသရေဖျက်ခြင်းခံရသူ၊ အမှန်တကယ်တရားလိုဖြစ်ရမည့်သူမှာ ၎င်းကိုယ်တိုင် မဟုတ်ကြောင်းဝန်ခံထားပြီးဖြစ်ကာ

၂။ ၎င်းရည်ညွှန်းထွက်ဆိုသည့် နိုင်ငံတော်ဆိုသည့်တရားလိုမှာလည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖြစ် ရုံးရှေ့လာရပ်၍ တရားစွဲနိုင်သည်မျိုးလည်းမဟုတ် ဖြစ်နေပေတော့သည်။

တော်တော်ဂွတိဂွကျနိုင်သည့်အမှုဖြစ်သွားပါတော့သည်။ မေးခွန်းများဆက်၍ မေးရန်မလိုလောက်အောင်ပင် အဖြေက ရှင်းနေပေတော့သည်။ သို့ရာတွင် ကျွန်တော်ဆက်၍ မမေးဘဲ မနေနိုင်ခဲ့ပါ။ “ခွပ်ဒေါင်းအားမန်” သည် နိုင်ငံတော်ကိုအသရေဖျက်သည်မဟုတ် နိုင်ငံတော်ကို ကယ်တင်ခဲ့သည်ဖြစ်ကြောင်းကို ပေါ်လွင်အောင် ဆက်လက်မေးမြန်းချင်ပါသေး သည်။

ဆက်ရန်…..

စာဖတ်သူများကို အစဉ်လေးစားလျက်-

စောကျော်ကျော်မင်း

(၁၂၊ ၁၀၊ ၂၀၁၀)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၆)
ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အတွက် အာမခံလျှောက်ထားခြင်းကို  ပလပ်လိုက်သည့်အတွက် တရားရုံးတွင် တာဝန်ခံမိတ္တူလျှောက်ထားခဲ့ရာ  ထိုတာဝန်ခံမိတ္တူရရှိသည့်အခါတွင် တရားသူကြီးကိုယ်တိုင် အမိန့်ချမှတ်စဉ်အခါက  ပြောဆိုခဲ့သည့် “လူအများစိတ်ပါဝင်စားသည့်အမှုဖြစ်သောကြောင့် အာမခံမပေးနိုင်”  ဆိုသည့် စကားရပ်ကို အမှုတွဲမှတ်တမ်းတွင် ဖေါ်ပြထားခြင်းမရှိဘဲ “အာမခံပေးရန်  မသင့်တော်သည့်အမှုဖြစ်သောကြောင့်” ဆိုသည့် အသုံးအနှုန်းကို  အစားထိုးသုံးနှုန်းထားသည်။ ထိုအချိန်က မြန်မာ့တရားစီရင်ရေးလောကကို  ကျွန်တော်အလွန် စိတ်ပျက်သွားမိသည်။

အာဏာစက်ကိုကြောက်ရွံ့ရသော စစ်အာဏာရှင်လက်အောက် တရားစီရင်ရေးရှိ  တရားသူကြီးများသည် အမှုတွဲမှတ်တမ်းကို လိမ်ညာမှတ်တမ်းတင်လောက်အောင်အထိ  မြန်မာ့တရားစီရင်ရေးလောက ချို့ယွင်းပျက်စီးချွတ်ချုံ ကျခဲ့ရပေသည်။

အခြားတစ်ဖက်တွင် ထိုကဲ့သို့အာမခံကို  ပလပ်သည့်အမိန့်ချမှတ်လိုက်သည့်အချိန်တွင် ကျွန်တော်မှာ  ပြင်ပသတင်းမီဒီယာများကို အာမခံပယ်ရသည့် အကြောင်းအရင်းနှင့် ပတ်သတ်ပြီး  အမှန်အတိုင်းပြောဆိုထားခဲ့ပြီး ဖြစ်သည်။ အမှုတွဲမှတ်တမ်းရရှိသည့်အချိန်တွင်  ထိုကဲ့သို့ လိမ်ညာမှတ်တမ်းတင်ထားသည်ကို သိရှိရသောအခါ ကျွန်တော့ကိုပင်  တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို မှားယွင်းစွာပြောဆို သတင်းထုတ်ပြန်သည်ဟူသော  အကြောင်းပြချက်နှင့် ပြန်လည်တရားစွဲဆိုနိုင်သည့် အနေအထားမျိုးဖြစ်နေပေသည်။  ထို့ကြောင့် ယင်းသို့ တရားရုံးမှ အမှုတွဲကို လိမ်ညာမှတ်တမ်းတင်ခြင်းနှင့်  စပ်လျဉ်း၍ တစ်ခုခုတုန့်ပြန်နိုင်ရန်အတွက် ကိုဖိုးဖြူနှင့် တိုင်ပင်ရာ -

ယခုစစ်ဆေးစီရင်သည့် တရားရုံးကို အယုံအကြည်မရှိတော့သဖြင့်  တခြားတရားရုံးတွင် ပြောင်းလဲစစ် ဆေးပေးပါရန်  ရုံးပြောင်းလျှောက်ထားနိုင်သည့်နည်းလမ်းတစ်ခုနှင့်

အမှုတွဲကို လွဲမှားစွာ မှတ်တမ်းတင်သည့်အပေါ်တွင် သက်ဆိုင်ရာတရားရုံးကို  သက်သေအထောက်အထားခိုင်လုံစွာဖြင့် တရားစွဲဆိုနိုင်သည့် နည်းလမ်းတစ်ခု

စသည့်နည်းလမ်းနှစ်ခုကို စဉ်းစားမိပေသည်။

ရုံးပြောင်းလျှောက်ထားပါကလည်း အခြားတရားရုံးတွင်  ထိုကဲ့သို့ပင်စစ်ဆေးစီရင်မည့်အတွက် ထူးထူးခြားခြား  ဖြစ်လာနိုင်မည်မဟုတ်သည့်အပြင် ရုံးပြောင်းလျှောက်ထားခြင်းအားဖြင့်  မြန်မာ့တရားစီရင်ရေးလောက ယိုယွင်းပျက်စီးချွတ်ခြုံကျနေသည်ကို  ကွက်ကွက်ကွင်းကွင်းထောက်ပြနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်  ဒုတိယနည်းလမ်းဖြစ်သည့် တရားသူကြီးကို တရားစွဲနိုင်မည့်နည်းလမ်းကို  ရွေးချယ်ရန်လျာထားလိုက်ရသည်။ ယင်းသို့တရားစွဲ မည်ဆိုပါက  အာမခံလျှောက်ထားမှုကို ပလပ်သည့်အမိန့်ချမှတ်သည့်အချိန်က  မြင်တွေ့ကြားသိခဲ့ရသူများကို ကျမ်းကျိန်လွှာ ပြုလုပ်လျက် သက်သေများအဖြစ်  တင်ပြရမည်ဖြစ်သည်။ ထို့ပြင် အရေးအကြီးဆုံးမှာ စွပ်စွဲခံရသူများ ဖြစ်သည်။  ကိုတင်ဝင်း၊ ကိုညီညီမင်းကို တိုင်ပင်ရပေမည်။ ကိုတင်ဝင်း၊ ကိုညီညီမင်း၏  သဘောဆန္ဒမှာ လွန်စွာအရေးကြီးပေသည်။ ထို့ပြင်  ပလပ်မိန့်ချမှတ်လိုက်သည့်အချိန်က တရားရုံးတွင်စောင့်ဆိုင်း  ကြည့်ရှုနေကြသည်မှာ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့၏ မိသားစုများနှင့်  ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အဖွဲ့ဝင်များဖြစ်သည်။ ခိုင်လုံသည့်သက်သေအဖြစ် တင်ပြနိုင်ရန်အတွက် အနဲဆုံး  (၃) ယောက်ကို ပလပ်မိန့်ချမှတ်လိုက်သည့်အချိန်က  မြင်တွေ့ကြားသိခဲ့သည့်အတိုင်း အမှန်အကန်ဖြစ်ကြောင်း  ကျမ်းကျိန်လွှာပြုလုပ်ရမည် ဖြစ်သည်။ ကျမ်းကျိန်လွှာပြုလုပ်မည့်  ကုန်ကျစရိတ်ကို တတ်နိုင်ကြသူများ မဟုတ်ကြပေ။ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့  မိသားစုများကလည်း ယင်းကုန်ကျစရိတ်ကို ပေးနိုင်ကြမည် မဟုတ်ပေ။

ထို့ပြင် အာမခံလျှောက်ထားခြင်း ပလပ်လိုက်သည့်အတွက်လည်း အထက်တရားရုံးသို့  တက်နိုင်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ ထို့အတွက်လည်း  ကုန်ကျစရိတ်များရှိလာနိုင်သည်။ ကိုတင်ဝင်းမှာ ၎င်း၏ မိသားစုတွင်  အိမ်ထောင်ဦးစီးဖြစ်သောကြောင့် အဖမ်းခံရသည့်အချိန်တွင် သူ့မိသားစု  စားဝတ်နေရေး၊ ရပ်တည်ရေးအတွက် အတော်ပင် ထိခိုက်သွားရပေသည်။ ထို့ပြင်  ကိုတင်ဝင်းအဖမ်းခံနေရ၊ အမှုရင်ဆိုင်နေရသည့်အတွက်ကြောင့်လည်း သူ့မိသားစုတွင်  ၀န်ထုပ်ဝန်ပိုးဖြစ်နေရပေသည်။ ယင်းအတွက်လည်း ကုန်ကျစရိတ်များရှိလာပေသည်။

ထို့နည်းတူ ကိုညီညီမင်း အမှုရင်ဆိုင်နေရသည့်အချိန်တွင်ပင် ကိုညီညီမင်း၏  ဖခင်သည် အင်းစိန်ထောင် သီးသန့်တရားရုံးတွင် ပြစ်မှုဥပဒေပုဒ်မ- ၅၀၅(ခ)  နှင့်ပင် တရားစွဲဆိုခံထားရသည်။

ထို့ကြောင့် ကိုညီညီမင်း၏ မိသားစုတွင်လည်း သားအဖနှစ်ယောက်အတွက် ကုန်ကျစရိတ်ပေါင်းများစွာရှိနေပြန်ပါသည်။

ယင်းကုန်ကျစရိတ်များကို ထောင်ကျနေသည့်နိုင်ငံရေးအကျဉ်းသားများနှင့်  ၎င်းတို့၏မိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ  မတတ်နိုင်ကြပါ။

မိသားစု စားဝတ်နေရေးအတွက် အနိုင်နိုင်ရပ်တည်နေကြရသူများအနေဖြင့်  အပိုကုန်ကျစရိတ်များကို မတတ်နိုင်ကြသည်မှာ မြန်မာနိုင်ငံတွင် န.အ.ဖ လက်ထက်  ဒီမိုကရေစီရေးကို လိုလားလုပ်ဆောင်နေကြသူများ၊ ယုံကြည်ချက်ကြောင့်  အကျဉ်းကျခံနေရသူများ အများစုရင် ဆိုင်နေရသည့် ပြဿနာပင်ဖြစ်သည်။

ယခုအမှုကို လည်းဒဂုံမြို့သစ်(တောင်ပိုင်း) တရားရုံးတွင်  ဆက်လက်ရင်ဆိုင်နေရပေသည်။ အပတ်စဉ် ရုံးချိန်းတိုင်းနှင့်  ထောင်ဝင်စာတွေ့ရသည့် စရိတ်စကများသည် လွန်စွာကြီးမားလှကာ၊ အခြားတစ်ဖက်တွင်  မိသားစုများအနေဖြင့် စီးပွားရေးဟူ၍ မည်မည်ရရ လုပ်ကိုင်စားသောက်၍ မရလောက်  အောင်အဖက်ဖက်မှ ပိတ်ဆို့ တားဆီးခြင်း ခံထားကြရသူများဖြစ်နေပေသည်။

ထို့ကြောင့် အမှုတွဲကို မဟုတ်မမှန် မှတ်တမ်းတင်ထားသည့် တရားရုံးတော်  တရားသူကြီးကို တရားစွဲမည်ဆိုပါက ကုန်ကျစရိတ်သည် ပထမဦးစွာ အခက်အခဲတစ်ခု  ဖြစ်နေပေသည်။

ဒုတိယတစ်ချက်အနေဖြင့် ကျွန်တော်၏ စိတ်ပိုင်းဆိုင်ရာ မပြတ်သားမှုကို  ၀န်ခံရမည်ဖြစ်သည်။ မိမိအထင်ကြီးလေးစားရသော  တရားစီရင်ရေးလောကသားတစ်ဦးတစ်ယောက်ကို တရားစွဲဆိုရန်အတွက်  မ၀ံ့မရဲဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့မ၀ံ့မရဲဖြစ်ရသည်မှာလည်း  တရားစွဲဆိုရန် ကြောက်ရွံ့သောကြောင့် မဟုတ်။  တရားစီရင်ရေးလောကသားအချင်းချင်းကို ကိုယ်ချင်းစာနာစိတ်၊  မျက်နှာနာသည့်စိတ်ဖြစ်မိသောကြောင့် ဖြစ်သည်။ နောင်အခါ ကျွန်တော်ကိုယ်တိုင်  လှိုင်သာယာမြို့နယ်၊ တရားသူကြီး၏ တရားစွဲဆိုခြင်းကိုခံရသောအခါ ထိုကဲ့သို့  တရားစီရင်ရေးလောကသားချင်းအပေါ် ထားရှိခဲ့သော ကိုယ်ချင်းစာနာစိတ်၊  မျက်နှာနာသည့်စိတ်သည် လွန်စွာလွဲမှားကြောင်း သိရှိခဲ့ရပေသည်။

တတိယအကြောင်းတစ်ချက်မှာ တရားစွဲဆိုမည့် အဓိကတရားလိုများဖြစ်ကြသည့်  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ သဘောပေါက်နားလည်အောင်  ရှင်းလင်းပြောဆိုရမည်ဖြစ်သည်။

တရားရုံးအချုပ်ခန်းတွင် အစောင့်ရဲနှင့် ထောက်လှမ်းရေးများ  စောင့်ကြပ်ကြည့်ရှုနေသည့် အခြေအနေအောက်တွင် တရားသူကြီးကို အမှုတွဲတွင်  မမှန်မကန် မှတ်တမ်းတင်မှုဖြင့် တရားစွဲဆိုရန်အတွက်  ရှင်းရှင်းလင်းလင်းပြောဆိုနိုင်ရန် လွန်စွာခက်ခဲသည့် အခြေအနေတွင်ရှိပေသည်။

အထက်ပါအကြောင်းသုံးချက်ကြောင့် နောက်တစ်ပတ်ရုံးချိန်တွင် ကိုတင်ဝင်းနှင့်  ကိုညီညီမင်း နားလည်နိုင်ရန်အတွက် ရှင်းလင်းပြောဆိုတော့မည်ဟူ၍  ဆုံးဖြတ်လိုက်ရသည်။ အကယ်၍ ကာယကံရှင်များကိုယ်၌ တရားစွဲဆိုခြင်းကိစ္စကို  စိတ်အားထက်သန်စွာ လုပ်ဆောင်မည်ဆိုပါက အခက်အခဲအမျိုးမျိုးကြားမှပင်  လုပ်ဆောင်ရမည်ဖြစ်ကြောင်း စိတ်ပိုင်းဖြတ်ထားကာ ယခုအပတ်ရုံးချိန်းတွင်  စစ်ဆေးဆဲအမှုကို ဆက်လက်စစ်ဆေးလိုက်ရပေသည်။

ပြစ်မှုဥပဒေ ပုဒ်မ – ၅၀၁ အရဆိုလျှင် နစ်နာသူကိုယ်တိုင်သာလျှင်  တရားလိုပြုလုပ်၍ တရားစွဲဆိုရမည်ဖြစ်ကြောင်းကို ယခင်ဆောင်းပါးတွင်  ရေးသားထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နစ်နာသူ မည်သူဖြစ်ကြောင်း  ထင်ထင်ရှားရှား၊ ကွက်ကွက်ကွင်းကွင်း၊ မြင်နိုင်ရန်အတွက် အဓိက ဦးတည်လျက်  ပြန်လှန်မေးခွန်းများမေးမြန်းရန် ပြင်ဆင်မေးမြန်းရပေသည်။

ဆက်လက်ရေးသားပါအုံးမည်

စာဖတ်သူများကိုအစဉ်လေးစားလျက်

စောကျော်ကျော်မင်း(၃၁.၈.၂၀၁၀)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၅)
နောက်တစ်ပတ်ရုံးချိန်းသို့ရောက်သောအခါတွင် တရားသူကြီးသည် အာမခံလျှောက်ထားခြင်းနှင့် ပတ်သတ်၍ အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်သည်။

“ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ သည် အာမခံပေးရမည့် ပုဒ်မ ဖြစ်သည်မှန်သော်လည်း၊   ယနေ့ရုံးတော်ရှေ့သို့ ကျရောက်လျှက်ရှိသောအမှုသည် လူအများစိတ်ပါဝင်စားသည့်   အမှုဖြစ်သောကြောင့် အာမခံပေးရန် လျှောက်ထားခြင်းကို ခွင့်မပြု ပယ်ချကြောင်း”   အမိန့်ချမှတ်ခဲ့သည်။

ပြစ်မှုဥပဒေနှင့် တရားစွဲခံရသူများကို အာမခံပေးခြင်း၊ မပေးခြင်းနှင့်   စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ဥပဒေပြဌာန်းချက်များမှာ ဆောင်းပါးအမှတ်စဉ် (၁၄)   တွင် ရေးသားထားသည့်အတိုင်းသာ ပြဌာန်းထားခြင်းဖြစ်သည်။   လူအများစိတ်ပါဝင်စားသည့်အမှုဖြစ်လျှင် အာမခံမပေးရဟု မည်သည့်ဥပဒေကမျှ   တားမြစ်ပြဌာန်းထားခြင်း မရှိပါ။ သို့ရာတွင် န.အ.ဖ အုပ်ချုပ်မှုအောက်ရှိ   တရားစီရင်ရေးတွင် “လူအများစိတ်ပါဝင်စားသည့်အမှုဖြစ်လျှင်   အာမခံမပေးကြောင်းကို ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အမှုကို   စစ်ဆေးစီရင်လျက်ရှိသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) တရားရုံးက   ထင်ထင်ရှားရှားသက်သေထူလိုက်ခြင်းပင် ဖြစ်သည်။

ယင်းကဲ့သို့  တရားရုံးက အာမခံလျှောက်ထားခြင်အတွက်  ပယ်သည့်အမိန့်ချမှတ်ခြင်းကို  ဥပဒေအရာရှိ၊ စွပ်စွဲခံရသူတို့၏ ရှေ့နေနှင့်  စွပ်စွဲခံရသူနှစ်ဦး၊  တရားခွင်စာရေး၊ တရားရုံးအပေါက်ဝတွင် အမှုစစ်ဆေး  စီရင်သည်ကို  လာရောက်နားထောင်လျက်ရှိသည့် စွပ်စွဲခံရသူတို့၏ မိသားစုဝင်များ၊   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အချို့   မြင်တွေ့ကြားသိခဲ့သည်မှန်သော်လည်း၊ ကျွန်တော့အနေဖြင့်   ဥပဒေလုပ်ထုံးလုပ်နည်းအရသာ လုပ်ဆောင်ရမည် ဖြစ်သောကြောင့်၊   ယင်းအာမခံပယ်သည့်အမိန့်နှင့် စပ်လျဉ်း၍ အထက်တရားရုံးသို့တက်ရန်သာ   ပြင်ဆင်ရတော့သည်။

ထိုကဲ့သို့ အထက်တရားရုံးသို့ တက်ရန်အတွက်  လိုအပ်သည်မှာ  အာမခံလျှောက်ထားခြင်းကို ပယ်သည့်အမိန့်ကို  တာဝန်ခံမိတ္တူကူးယူရမည်ဖြစ်သည်။  ထို့ကြောင့် ယင်းကို  တာဝန်ခံမိတ္တူကူးယူခွင့်ပြုပါရန် လျှောက်ထားလိုက်ပြီး  အမှုကို ဆက်၍  စစ်ဆေးရပြန်သည်။

ဤနေရာတွင် ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ နှင့်  သက်ဆိုင်သည့်  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ပြဌာန်းထားသည့်  လုပ်ထုံးလုပ်နည်းများကို  ရေးသားရန်လိုအပ်လာပြီ ဖြစ်သည်။ ပြစ်မှုဥပဒေ ပုဒ်မ –  ၅၀၁ နှင့်  တရားစွဲခံရသည့် မည်သူ့ကို မဆိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ  ပုဒ်မ – ၁၉၈  ပြဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းများအတိုင်းသာ  တရားစွဲဆိုရမည်ဖြစ်သည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ – ၁၉၈  ပြဌာန်းချက်မှာ – ပြစ်မှုဆိုင်ရာ  ဥပဒေ အခန်း (၁၉)၊ သို့မဟုတ် အခန်း (၂၁)  သို့မဟုတ် ယင်းဥပဒေ၏ ပုဒ်မ – ၄၉၃ မှ  ၄၉၆ (ယင်းပုဒ်မ နှစ်ခုစလုံးအပါအ၀င်)  တို့တွင် အကျုံးဝင်သည့်  ပြစ်မှုတစ်ရပ်ကို အဆိုပါပြစ်မှုအရ နစ်နာခြင်းခံ  ရသူကိုယ်တိုင်  တိုင်တန်းခြင်းမဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးမယူရ။  သို့ရာတွင်  ထိုသို့နစ်နာခံရသူမှာ အမျိုးသမီးတစ်ဦးဖြစ်၍ ၎င်း၏   တိုင်းပြည်ဓလေ့ထုံးတမ်းနှင့် အပြုအမူအလေ့အထတို့အရ လူအများရှေ့သို့   ရောက်ရှိရန် အတင်းအကြပ် မပြုသင့်သူဖြစ်ခြင်း၊ သို့မဟုတ်   အသက်တစ်ဆယ့်ရှစ်နှစ် အောက်ဖြစ်ခြင်း၊ သို့မဟုတ် ၀မ်းတွင်းရူး၊ သို့မဟုတ်   ရူးသွပ်သူတစ်ယောက်ဖြစ်ခြင်း၊ သို့မဟုတ် ဖျားနာခြင်းကြောင့်ဖြစ်စေ၊   မစွမ်းမသန်ခြင်းကြောင့်ဖြစ်စေ တိုင်တန်းချက်မပြုနိုင်သောအခါ အခြားသူတစ်ဦးက   တရားရုံး၏ ခွင့်ပြုချက်ဖြင့် ထိုသူ၏ သို့မဟုတ် ထိုသူမ၏ ကိုယ်စား   တိုင်တန်းချက်ပြုလုပ်နိုင်သည်။ ဟူ၍ ပြဌာန်းထားသည်။

ကိုတင်ဝင်း၊  ကိုညီညီမင်းတို့ကို စွဲချက်တင်လိုက်သည့် ပြစ်မှုဥပဒေ ပုဒ်မ –  ၅၀၁ သည်  အခန်းပေါင်း (၂၃) ခန်းတိတိ၊ ပုဒ်မပေါင်း  (၅၁၁) ခုတိတိပါဝင်သည့်   ပြစ်မှုဥပဒေ ပြဌာန်းချက်များအနက်မှ အခန်း – ၂၁၊ အသရေဖျက်မှု   ခေါင်းစဉ်အောက်တွင်ပြဌာန်းထားခြင်း ဖြစ်သည်။ အဆိုပါ အခန်း – ၂၁ တွင် ပုဒ်မ –   ၄၉၉ မှ  ပုဒ်မ- ၅၀၂ အထိ ပါဝင်သည်။ ထို့ကြောင့် ကိုတင်ဝင်း၊   ကိုညီညီမင်းတို့ကို ပြစ်မှုဥပဒေ ပုဒ်မ – ၅၀၁ အရ တရားစွဲဆိုမည်ဆိုပါက   အသရေဖျက်ခြင်းကို ခံရသူကိုယ်တိုင် တရားရုံးသို့ လာရောက်ဦးတိုက်လျှောက်ထား   တရားစွဲဆိုရမည်ဖြစ်ပြီး ထိုသို့ကိုယ်တိုင် လာရောက်တရားစွဲဆိုခြင်း   မဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးယူ၍ မရကြောင်းကို   ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ – ၁၉၈ တွင် အတိအလင်းပြဌာန်းထားခြင်း   ဖြစ်သည်။

ပြစ်မှုဥပဒေ ပုဒ်မ – ၅၀၁ အရဆိုလျှင် ကိုတင်ဝင်းရေးသားသည့်  ကဗျာစာသားများသည်  မည်သည့် ပုဂ္ဂိုလ်ကို အသရေပျက်စေသည်ဟု အတိအကျ   ရည်ညွှန်းပြဆိုနိုင်ရမည်ဖြစ်ပြီး၊ အဆိုပါ ကဗျာစာသားဖြင့် အသရေဖျက်ခြင်း   ခံရသူကိုယ်တိုင်ကလည်း မိမိသည် အဆိုပါ ကဗျာစာသားများအရ မည်ကဲ့သို့   ထိခိုက်နစ်နာပါကြောင်း၊ မိမိဂုဏ်သရေကို မည်ကဲ့သို့ထိခိုက်နစ်နာပါကြောင်းကို   တရားရုံးသို့ ကိုယ်တိုင်လာရောက် တရားစွဲဆိုရမည်ဖြစ်သည်။

စဉ်းစားရန်အချက်မှာ ကိုတင်ဝင်းရေးသားသည့် ကဗျာစာသားများသည်   မည်သည့်ပုဂ္ဂိုလ်ကို ထိခိုက်နစ်နာစေသနည်း။ အသရေပျက်စေသနည်းဆိုသည့်အချက်ပင်   ဖြစ်သည်။ ကိုတင်ဝင်းရေးသားသည့် ကဗျာစာသားများသည်   ယခုတရားလိုပြုလုပ်တရားစွဲဆိုသည့် ဒုရဲမှူးတင်မောင်အေးကို   ရည်ညွှန်းစပ်ဆိုထားခြင်း မဟုတ်သည်မှာ ချွင်းချက်မရှိ တရားရုံးမှ   လက်ခံထားပြီးဖြစ်သည်။ ယင်းအချက်ကိုလည်း တရားလိုနှင့် စွပ်စွဲခံရသူတို့အကြား   နှစ်ဦးနှစ်ဖက် အငြင်းပွားသည့် ပြဿနာအဖြစ်လည်း တရားရုံးတွင်  ပေါ်ပေါက်ခြင်း  မရှိပေ။

သို့ဆိုလျှင် ကိုတင်ဝင်းကို  တရားစွဲဆိုရန်အတွက် တရားလိုသည်  မည်သူဖြစ်ရမည်နည်းဆိုသည့် ပြဿနာသည်  ထင်ထင်ရှားရှားပေါ်ပေါက်လာသည့်  ပြဿနာပင်ဖြစ်သည်။

ထို့ပြင်  ပြစ်မှုဥပဒေ ပုဒ်မ – ၅၀၁ အရဆိုလျှင် ကိုတင်ဝင်းနှင့်အတူ  တရားစွဲဆိုခံရသည့်  ကိုညီညီမင်းကိုလည်း ချွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်သည်။  ကိုညီညီမင်းသည်  ကဗျာစာသားကို ရေးသားသူလည်း မဟုတ်၊ ဖြန့်ဝေသူလည်း မဟုတ်။   ကိုညီညီမင်းနေအိမ်သို့ ဧည့်စာရင်းစစ်မည်ဟူသော အကြောင်းပြချက်ဖြင့်   ၀င်ရောက်ရှာဖွေသည့်အချိန်တွင် စာအုပ်စင်ပေါ်ရှိ စာအုပ်များအကြား လှန်လှော   ရှာဖွေသည့်အခါကျမှသာ ကိုတင်ဝင်းရေး သားထားသည့် ကဗျာစာသားများကို   ကွန်ပျူတာစာစီထားသည့် စာရွက်နှစ်ရွက် ရှာဖွေသိမ်းဆီးရမိခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ပြစ်မှု ဥပဒေ ပုဒ်မ – ၄၀၁ အရ ဆိုလျှင် ကိုညီညီမင်းသည်   “တစ်စုံတစ်ယောက်ကို အသရေပျက်စေရန်အတွက် ကဗျာစာသားရေးသားသူလည်းမဟုတ်   ပုံနှိပ်သူလည်းမဟုတ် ဖြန့်ဝေသူလည်းမဟုတ်သဖြင့် ချွင်းချက်မရှိ လွှတ်ပေးရမည့်   စွပ်စွဲခံရသူသာဖြစ်သည်။

ထို့ထက်ပိုမို ရေးသားရပါလျှင်  ကိုညီညီမင်းကို ပြစ်မှုဥပဒေ – ၅၀၅(ခ) ဖြင့်   စွဲချက်မတင်နိုင်သည့်အချိန်ကတည်းကပင်၊ ပြစ်မှုပုဒ်မ – ၅၀၁ ဖြင့်   စွဲချက်တင်ခြင်းအဆင့်မတိုင်ခင် ကတည်းကပင် လွှတ်ပေးရမည်ကို စွဲချက်တင်သည့်   တရားရုံးအနေဖြင့် မလွဲမသွေ သိရှိလုပ်ဆောင်ထားရမည်ဖြစ်သည်။

x x x x x

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကို အစဉ်လေးစားလျက် -

စောကျော်ကျော်မင်း

(၂၇.၇.၂၀၁၀)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၄)
အမှုတစ်ခုနှင့်စပ်လျဉ်း၍ အာမခံပေးသည်ဆိုရာတွင် တရားရုံးများအနေဖြင့်  “အာမခံပေးခြင်းကို မူသဘောသဖွယ် လက်ခံကျင့်သုံးရမည်ဖြစ်ပြီး၊  အာမခံမပေးခြင်းကိုမူ ချွင်းချက်အနေဖြင့်သာ ကျင့်သုံးရမည်” ဖြစ် သည်။

ပြစ်မှုဆိုင်ရာ  ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားတွင် အာမခံပေးရမည်ဟူ၍ အတိအလင်း  ပြဌာန်းထားသည့် ပြစ်မှုဥပဒေပုဒ်မဖြင့် စွပ်စွဲခြင်းခံထားရသူများကို  တရားရုံးတော်အနေဖြင့် မဖြစ်မနေ အာမခံပေးရမည်ဖြစ်သည်။

စွပ်စွဲခံရသူ တစုံတဦးအား အာမခံမပေးဟုဆိုရာတွင် ထိုသူသည် -

- ထွက်ပြေးတိမ်းရှောင်မည့်သူ ဖြစ်သည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်း၊

- သက်သေအချက်အလက်များကို ဖျက်ဆီးနိုင်ကြောင်း ယုံကြည်ရန် အကြောင်းရှိခြင်း၊

- သက်သေထွက်ဆိုမည့် သူများ၏ လုံခြုံရေးကို တစုံတရာ အန္တရာယ်ပေးနိုင်မည့်သူဖြစ်ခြင်း

စသည့်အကြောင်းအချက်များနှင့် ညီညွတ်ပါက တရားရုံးတော်မှ အာမခံမပေးဘဲ အမှုကို ဆက်လက် စစ်ဆေးပိုင်ခွင့် ရှိသည်။

သို့သော် အမှုတစ်ခုနှင့်စပ်လျဉ်း၍ အာမခံပေးသည်ဆိုရာတွင်  တရားရုံးများအနေဖြင့် “အာမခံပေးခြင်းကို မူသဘောသဖွယ်  လက်ခံကျင့်သုံးရမည်ဖြစ်ပြီး၊ အာမခံမပေးခြင်းကိုမူ ချွင်းချက်အနေဖြင့်သာ  ကျင့်သုံးရမည်” ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ  နောက်ဆက်တွဲဇယားတွင် အာမခံမပေးနိုင်ကြောင်း အတိအလင်း  ပြဌာန်းထားသည့်တိုင်အောင် တရားရုံးအနေဖြင့် ၎င်း၏ ဆင်ခြင်တုံတရားအရ  အာမခံပေးနိုင်ကြောင်းကို အောက်ပါပုဒ်မဖြင့် ပြဌာန်းထားပေသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ  ပုဒ်မ – ၄၉၇ (၁) တွင် အာမခံမပေးနိုင်သည့် ပြစ်မှုတစုံတရာဖြင့် စွပ်စွဲခံရသူ  တစ်ဦးသည် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးက ၀ရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊  ချုပ်နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ (သို့မဟုတ်) တရားရုံးရှေ့သို့  ထိုသူရောက်ရှိသောအခါ (သို့မဟုတ်) တရားရုံးရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ  ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်။

ထို့ပြင် သေဒဏ်ဖြစ်စေ၊  တသက်တကျွန်းဒဏ်ဖြစ်စေ စီရင်ထိုက်သော ပြစ်မှုတရပ်ကို ကျူးလွန်ခဲ့သည်ဟု  ယုံကြည်ရန် အကြောင်းများ ရှိနေလျှင်ပင်၊  အမျိုးသမီးဖြစ်နေလျှင်သော်လည်းကောင်း၊ ဖျားနာနေလျှင်သော်လည်းကောင်း၊  ချည့်နဲ့နေလျှင်သော်လည်းကောင်း၊ အသက် ၁၆ နှစ်အောက် ကလေး  ဖြစ်နေလျှင်သော်လည်းကောင်း အာမခံဖြင့် လွှတ်ထားရန် တရားရုံးက  ညွှန်ကြားနိုင်ပေသည်။

ထို့ကြောင့် ကိုတင်ဝင်းနှင့်  ကိုညီညီမင်းတို့အား စွဲချက်တင်လိုက်သည့် ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ သည်  အာမခံပေးရမည့် ပုဒ်မဖြစ်နေသဖြင့် မဖြစ်မနေ အာမခံပေးကို ပေးရမည်ဖြစ်ပေသည်။

အခြားပြစ်မှုဖြင့်  တရားစွဲခံရသူများကို အာမခံလျှောက်ထားရာတွင် စွပ်စွဲခံရသူများဘက်မှ  လိုက်ပါ၍ အာခံပေးမည့်သူ ရှာဖွေရခြင်းမှာ မခက်ပေ။ တရားရုံးထဲတွင်ပင်  အခကြေးငွေဖြင့် အငှားလိုက်၍ အာမခံပေးမည့်သူများ ရှိပေသည်။ သို့သော်  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ အမှုအတွက် အာမခံလိုက်ပေးမည့်သူ ရှာရသည်မှာ  ၎င်းတို့၏ မိသားစုများအတွက် များစွာ အခက်ကြုံရပေသည်။

တရားရုံးသို့  အာမခံလိုက်ပေးမည့်သူများ ရှိသည့်တိုင်အောင် ရပ်ကွက် ရ.ယ.က (ရပ်ကွက်  အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ရုံးတွင် ထောက်ခံစာ  ပြုလုပ်သည့်အခါ ထောက်ခံစာပြုလုပ်မပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့်  အမျိုးမျိုးသော အခက်အခဲများဖြင့် ကြုံတွေ့ရပေသည်။

ထိုသို့သော  အခက်အခဲများကြားမှပင် ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အတွက်  အချုပ်လွှတ်ထုချေခွင့် (အာမခံ)ပေးပါရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ –  ၄၉၆ အရ လျှောက်ထားလိုက်ရပေသည်။ နိုင်ငံရေးနှင့် သက်ဆိုင်ခြင်းမရှိသော  အခြားအမှုများတွင် တရားရုံးများအနေဖြင့် ချက်ခြင်းပင်  အာမခံပေးလိုက်မည်ဖြစ်သည်။ သို့သော် ကိုတင်ဝင်းနှင့်  ကိုညီညီမင်းတို့အမှုတွင်မူ တရားသူကြီးကိုယ်တိုင်မှ -

“ပြစ်မှုဥပဒေပုဒ်မ  – ၅၀၁ သည် အာမခံပေးခွင့်ရှိသည့် အမှုဖြစ်သည်မှာ မှန်ကန်ပါသည်။ သို့ရာတွင်  အာမခံပေးသင့်/မပေးသင့်နှင့်စပ်လျဉ်း၍ စဉ်းစားပါအုံးမည်၊  နောက်ရုံးချိန်းတွင်မှ အမိန့်ချပါမည်” ဟူ၍ ပြောဆို လျက် အမှုကို  စစ်ဆေးခြင်းမရှိတော့ဘဲ ထပ်မံ၍ ရုံးချိန်းပေးလိုက်ပြန်သည်။ ထို့ကြောင့်  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ထောင်အချုပ်တွင်  နောက်တစ်ပတ်ရုံးချိန်းအထိ အာမခံ လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍  စောင့်ဆိုင်းခဲ့ရပြန်သည်။

နောက်တပတ်ရုံးချိန်းသို့  ရောက်သည့်အခါတွင်လည်း တရားသူကြီး မအားလပ်ပါသဖြင့်ဟုဆိုကာ  ရုံးထပ်မံချိန်းဆိုလိုက်ပြန်သည်။ ထိုအချိန်တွင် အကျဉ်းထောင်အတွင်း  အထူးတရားရုံးများတွင် ရုံးတင်စစ်ဆေးခြင်း ခံနေကြရသော  ကိုမင်းကိုနိုင်အပါအ၀င် (၈၈) မျိုးဆက်ကျောင်းသားများ၊ ကိုထင်ကျော်၊  အရှင်ဂမ္ဘီရ စသည့် ခေါင်းဆောင်များအနေဖြင့် တရားရုံးများ၏  တရားမျှတခြင်းမရှိဘဲ စစ်ဆေးစီရင်နေခြင်းများအပေါ် နည်းလမ်းအသွယ်သွယ်ဖြင့်  ဖေါ်ထုတ်နေသော အချိန်ဖြစ်သည်။

ယခု ကိုတင်ဝင်း၊ ကိုညီညီမင်းတို့  အမှုတွင်လည်း တရားရုံးမှ မဖြစ်မနေ အာမခံပေးရမည့် ပုဒ်မနှင့်  ပြောင်းလဲစွဲချက်တင်ပြီးသည့်နောက်ပိုင်း၊ အာမခံလျှောက်ထားသည့် အချိန်တွင်  မဖြစ်မနေ အာမခံပေးရမည်ဖြစ် သော်လည်း ယခုကဲ့သို့ ရုံးချိန်း (၂) ချိန်းတိတိ  ချိန်းဆိုလိုက်ခြင်းသည်။ ဖမ်းဆီးချုပ်နှောင်ခံရသူများနှင့် ၎င်းတို့၏  မိသားစုများအတွက် စိတ်ပင်ပန်းမှုကို ကြီးမားစွာ ဖြစ်ပေါ်စေပါသည်။  တရားရုံးအနေဖြင့် အချိန်မဆိုင်းဘဲ “ အာမခံပေးသည် ဟူ၍လည်းကောင်း (သို့မဟုတ်)  အာမခံမပေး ဟူ၍လည်းကောင်း” တိကျသည့် အမိန့်တစုံတရာကို  ချမှတ်ပေးလိုက်မည်ဆိုပါက ကိုတင်ဝင်း၊ ကိုညီညီမင်းနှင့် ၎င်းတို့၏  မိသားစုများအတွက် ထိုမျှလောက် စိတ်ဒုက္ခ ရောက်ကြရမည်မဟုတ်ပါ။ “အာမခံမပေး” ဟု  အမိန့်ချမှတ်လိုက်ပါကလည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်ပါသည်။ သို့သော် အချိန်ဆွဲထားခြင်းက  ခံစားရသူများအပေါ် များစွာ မချိတင်ကဲစိတ်ကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့်  ကိုတင်ဝင်းသည် ကျွန်တော့်ကို တရားရုံးအချုပ်ခန်းတွင် ခေါ်ယူတွေ့ဆုံကာ  ထိုကဲ့သို့ တရားရုံးမှ အချိန်ဆွဲထားခြင်းကို မကျေနပ်ကြောင်း၊ ထို့ကြောင့်  ဥပဒေ လုပ်ထုံးလုပ်နည်း တစုံတရာဖြင့် တရားရုံးတော်ကို တင်ပြပေးပါရန်  တောင်းဆိုလာပါသည်။ သို့မဟုတ်ပါက “သူ့အနေဖြင့် တရားမျှတမှု မရှိသည့်  တရားခွင်ကို တစုံတရာ တင်ပြတောင်းဆိုရမည်ဖြစ်ကြောင်း” ပြောဆိုလာပါသည်။

ကျွန်တော်မှ  “ ယနေ့တွင် ရုံးချိန်း ချိန်းဆိုလိုက်ပြီဖြစ်သည့်အတွက် တရားရုံးသို့  တင်ပြရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် နောက်တပတ် ရုံးချိန်းတွင်မူ  ကျွန်တော့်အနေဖြင့် ယခုကဲ့သို့ ရုံးချိန်းပေး၍ ထပ်မံချိန်းဆိုမည့်  လက္ခဏာမျိုး တွေ့ရှိရမည်ဆိုပါက တရားဥပဒေနှင့်အညီ “အာမခံ”  လျှောက်ထားခြင်းအပေါ် အမိန့်တစုံတရာ ချမှတ်ပေးပါရန် ထပ်မံ၍  တင်ပြလျှောက်ထားပေးမည်” ဟူ၍သာ နှစ်သိမ့်ပြောဆိုခဲ့ရပါသည်။

ကိုတင်ဝင်း၏  အချိန်စောင့်ဆိုင်းရသည့်အတွက် စိတ်မရှည်နိုင်ပုံ၊ စိတ်ဒုက္ခရောက်ရပုံကို  ကျွန်တော်ကိုယ်တိုင် များစွာ ခံစားနားလည်မိပါသောကြောင့် အကယ်၍ ၎င်း၏  စိတ်ဆန္ဒသဘောထားအတိုင်း “တရားရုံးတော်သို့ တစုံတရာ တင်ပြတောင်းဆိုမည်”  ဆိုပါကလည်း ကျွန်တော့်အနေဖြင့် တားမြစ်မိမည်မဟုတ်ပါ။

ကိုတင်ဝင်း၊  ကိုညီညီမင်းတို့၏ အမှုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်  လိုက်ပါဆောင်ရွက်ပေးနေရ သည့် အချိန်နှင့် တပြိုင်နက်တည်း  လှိုင်သာယာမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊  ရွှေပြည်သာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဒလမြို့နယ်၊  မြောက်ဥက္ကလာပမြို့နယ် ၊ကျောက်တံတားမြို့နယ် မြောက်ပိုင်းခရိုင်တရားရုံး  စသည့် မြို့နယ်တရားရုံးများတွင် အခြား၊ အခြားသော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တို့၏ အမှုများ၊ ယုံကြည်ချက်ကြောင့်  နိုင်ငံရေးလှုပ်ရှားသူတို့၏ အမှုများကို လိုက်ပါဆောင်ရွက်နေရသည်  ဖြစ်ခြင်းကြောင့် ထိုအချိန်က တရားရုံးတို့၏ တရားနည်းလမ်းမကျ၊ တဖက်သတ်  စစ်ဆေးစီရင်နေခြင်းများကို ရင်ဆိုင်နေကြရသော အမှုသည်တို့၏ အပူဒုက္ခများကို  သိရှိနားလည်နေခဲ့ပြီး ဖြစ်သည်။ အကယ်၍ အမှုသည်တို့မှ ၎င်းတို့၏ ဥပဒေအရ  ရသင့်ရထိုက်သည့် နစ်နာချက်များနှင့် စပ်လျဉ်း၍ တရားရုံးတွင် တစုံတရာ  တိုက်ပွဲဝင် တောင်းဆိုကြမည်ဆိုပါကလည်း “တင်ပြတောင်းဆိုပုံနည်းလမ်း  မှန်ကန်သည်ဖြစ်စေ၊ မှားယွင်းသည်ဖြစ်စေ” အချိန်အခါမရွေး၊ နေရာဒေသမရွေး  အာဏာရှင်ကို အံတုစိန်ခေါ်ရဲကြသည့် တိုက်ပွဲဝင်သူတို့၏ စိတ်ဓာတ်နှင့် သတ္တိကို  လေးစားလျက် ချီးကျူးဂုဏ်ပြုရမည်သာ ဖြစ်ပါသည်။

x x x x x

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကို အစဉ်လေးစားလျက် -

စောကျော်ကျော်မင်း

(၁၅.၅.၂၀၁၀)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၃)
ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ဖမ်းဆီးချုပ်နှောင်ထားသည့် ကာလမှာ  နှစ်လကျော် သုံးလနီးပါးကြာ မြင့်ခဲ့သည့်အတွက် ရဲအရေးပိုင်သည့် အမှုဖြင့်  ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးလည်း မဟုတ်၊ ရဲအရေးမပိုင်သည့် အမှုဖြင့်  ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးလည်း မဟုတ်ကြောင်းကို ထင်ထင်ရှားရှား  တွေ့ကြရမည်ဖြစ်သည်။ ထို့ပြင် ဖမ်းဆီးချုပ်နှောင်ပြီးသည့် နောက်ပိုင်း၊  ချုပ်နှောင်ထားသည့်ကာလမှာ (၂၄) နာရီထက် ကျော်လွန်ခဲ့သည့်တိုင်အောင် ဆက်လက်  ဖမ်းဆီးချုပ်နှောင်ခွင့်ပေးနိုင်သည့် အာဏာပိုင် တရားသူကြီးထံသို့  ပို့ဆောင်ပြီး ရမန်တောင်းခံခဲ့ ခြင်းမရှိသည့်အတွက်၊  ယင်းဖမ်းဆီးချုပ်နှောင်ရာ ကာလနှင့် ဖမ်းဆီးချုပ်နှောင်သူ ရဲဝန်ထမ်းတို့၏  ပြုမူဆောင်ရွက်ချက်များကို “အကြောင်းမဲ့  ဖမ်းဆီးခြင်း၊ချုပ်နှောင်ခြင်းနှင့် စုံစမ်းစစ်ဆေးရန်အတွက်ဆိုင်ရာ  အာဏာပိုင်များထံသို့ တင်ပြရန် ပျက်ကွက်းခြင်း” ဟု အဓိပါယ်ဖွင့်ဆိုရမည်သာ  ဖြစ်ပါသည်။ (ဆောင်းပါးအမှတ်စဉ် – ၂ တွင် ဖေါ်ပြထားသည့် စကားရပ်များကို  အလျဉ်းသင့်၍ ရှင်းလင်းဖေါ်ပြအပ်ပါသည်)

စွပ်စွဲခံရသူတို့၏ ရှေ့နေဖြစ်သည့် ကိုဖိုးဖြူ၏ “ရဲစက္ကူနှင့်  တိုက်ဆိုင်စစ်ဆေးခွင့်ပြုပါရန်” လျှောက်ထား တင်ပြချက်နှင့် တဖက်မှ  ဥပဒေအရာရှိ၏ “ရဲအရေးမပိုင်သည့်အတွက် ရဲစက္ကူမရှိသဖြင့်  တိုက်ဆိုင်စစ်ဆေးခွင့်ပြုရန် အကြောင်းမပေါ်ပေါက်ကြောင်း”  တင်ပြလျှောက်ထားချက်တို့ကြားတွင် တရားရုံးတော်အနေဖြင့် မည်ကဲ့သို့  အမိန့်ချမှတ်ပေးရမည်ဆိုသည်ကို ယနေ့ထက်တိုင်အောင် စဉ်းစားဆုံးဖြတ်  နိုင်လိမ့်မည်မဟုတ်ပါ။ အကြောင်းမှာ တရားလို ဒုရဲမှူး တင်မောင်အေးကိုယ်တိုင်  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို “အကြောင်းမဲ့ဖမ်းဆီးခြင်း၊  ချုပ်နှောင်ခြင်းနှင့် စုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာ အာဏာပိုင်များထံသို့  တင်ပြရန် ပျက်ကွက်ခြင်း” စသည့် ဥပဒေနှင့်မညီသည့် ပြုမူလုပ်ဆောင်ချက်များ  လုပ်ဆောင်ခဲ့သည်ကို တရားခွင်တွင် အပြန်အလှန် စစ်မေးကြရင်း တရားလိုနှင့်  တရားလိုပြ သက်သေတို့၏ ဖြေဆိုချက်များမှ ထင်ထင်ရှားရှား သက်သေခံချက်များ  ပေါ်ထွက်လာသောကြောင့်ဖြစ်သည်။

နောက်တကြိမ် ရုံးချိန်းရက်တွင်  အမိန့်ချမှတ်ပေးပါမည်ဟု ချိန်းဆိုခဲ့သော ဒဂုံမြို့သစ်မြို့နယ် (တောင်  ပိုင်း) တရားရုံးတော်အနေဖြင့် နောက်တကြိမ် ရုံးချိန်းရက်တွင်  အမိန့်ချမှတ်ပေးနိုင်ခြင်း မရှိခဲ့ပါ။ ထို့နည်းတူ ထိုအမှုကို  ဆက်လက်စစ်ဆေးပြီး အပြီးသတ် အမိန့်ချမှတ်ခဲ့သည့် အချိန်အထိ အထက်ဖေါ်ပြပါ  အငြင်းပွားခဲ့သည့် ပြဿနာကို တရားရုံးတော်မှ ပြေလည်သည့် အတိုင်းအတာအထိ  အမိန့်ချမှတ်ပေးခြင်းမရှိခဲ့ပါ။ ယနေ့ထက်တိုင်အောင်လည်း ယင်းပြဿနာနှင့်  စပ်လျဉ်း၍ ပြေလည်သည့် အတိုင်းအတာအထိ အမိန့်ချမှတ်ပေးခြင်း မရှိသေးသည့်အတွက်  ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း) တရားရုံးတော်အပေါ်တွင်  စွပ်စွဲခံရသူများဖြစ်ကြသည့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ ရရန်ရှိသည့်  “ပြဿနာအကြွေး” ဟူ၍ မှတ်တမ်းတင်ထားရမည် ဖြစ်ပါသည်။

အမှန်တကယ်  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ရုံးတင်တရားစွဲဆိုထားသည့်  ပြစ်မှုဥပဒေပုဒ်မမှာ – ၅၀၅ (ခ) ဖြစ်သည့်အတွက် ကျခံရမည့် ပြစ်ဒဏ်မှာ ထောင်ဒဏ်  (၂) နှစ်သာဖြစ်ပါသည်။ ယင်းအချိန်က တရားစွဲတင်ခံရသည့်  ဒီမိုကရေစီဘက်တော်သားများ၏ ထောင်ကျခံရမည့် ကာလ သတ်မှတ်နှုန်းစံများနှင့်  နှိုင်းယှဉ်ကြည့်ပါက လွန်စွာနဲသော ကာလအပိုင်းအခြားသာဖြစ်သည်ဟု  သတ်မှတ်ရမည်ဖြစ်ပါသည်။ သို့သော် စွပ်စွဲခံရသူတို့ကိုယ်စား  လိုက်ပါဆောင်ရွက်ပေးရမည့် ရှေ့နေရှေ့ရပ်တို့အနေဖြင့် တရားဥပဒေအရ  ရသင့်ရထိုက်သည့် အခွင့်အရေးများကို အပြည့်အ၀ တင်ပြလျှောက်ထား  တောင်းဆိုကြရမည်ဖြစ်သည်။ သို့မှသာ ရှေ့နေရှေ့ရပ်တို့၏ ကျင့်ဝတ်သိက္ခာနှင့်  လျှော်ညီပေလိမ့်မည်။ မိမိ လိုက်ပါဆောင်ရွက်ပေးသည့် အမှုသည်တို့၏ ဥပဒေအရ  ရရှိရန် အကြောင်းပေါ်ပေါက်လျက်လည်းရှိသော၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့်  အခွင့်အရေးလည်းဖြစ်သော အခွင့်အရေးများကို တရားခွင်တွင် ရဲရင့်ပြတ်သားစွာ  တင်ပြတောင်းဆိုသည့် လုပ်ရပ်သည် ကျင့်ဝတ်သိက္ခာနှင့် လွန်စွာ လျှော်ညီသည့်  လုပ်ရပ်ပင် ဖြစ်ပါသည်။

ထိုကဲ့သို့ တင်ပြတောင်းဆိုမှုများ၊  ပြန်လှန်မေးခွန်းထုတ်မှုများကြောင့် စွဲချက်တင်သည့် အချိန်တွင်  တရားရုံးတော်မှ “ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့၏  ပြုမူလုပ်ဆောင်ချက်များသည် ပြစ်မှုဥပဒေပုဒ်မ – ၅၀၅(ခ) ပြဌာန်းချက်ပါ  ပြစ်မှုမြောက်စေမည့် အင်္ဂါရပ်များနှင့် ကိုက်ညီခြင်းမရှိကြောင်း တွေ့ရှိရသည်။  ထို့ကြောင့် ပြစ်မှုဥပဒေ ပုဒ်မ – ၅၀၁ ဖြင့် စွဲချက်တင်လိုက်သည်”  ဟု  အမိန့်ချမှတ်လိုက်သည်။

စွဲချက်တင်ရန် သင့်/မသင့် အဆင့်တွင်  ထိုကဲ့သို့ ပုဒ်မပြောင်း၍ စွဲချက်တင်မည်ဟူ၍ ကျွန်တော့်အနေဖြင့်လည်းကောင်း၊  ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ အနေဖြင့်လည်းကောင်း သက်ဆိုင်သည့်  မိသားစုများအနေဖြင့်လည်းကောင်း လုံးဝ ထင်မှတ်မထားခဲ့ကြပါ။ ပြစ်မှုဥပဒေပုဒ်မ –  ၅၀၅(ခ) ဖြင့်သာ အမှုပြီးဆုံးသည့် အချိန်တွင် အမိန့်ချမှတ်လိမ့်မည်ဟု  မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ပြစ်မှုဥပဒေပုဒ်မ-၅၀၁ ဖြင့် ပြောင်းလဲ  စွဲချက်တင်လိုက်သည့်တွက် တရားခွင်တွင် မည်သူမှ မထင်မှတ်နိုင်သည့်  စစ်အာဏာရှင်လက်ထက် “ တရားစီရင်ရေးဆိုင်ရာ အမှားများ” ထပ်မံ  ပေါ်ပေါက်လာရပြန်ပါသည်။

ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ ဆိုသည်မှာ  အကျဉ်းအားဖြင့် “ အသရေပျက်စေမည်ဟု သိသော အကြောင်းအရာကို ပုံနှိပ်ခြင်း၊  သို့တည်းမဟုတ် ထုထွင်းခြင်း” ဟု ပြစ်မှုဆိုင်ရာ ဥပဒေတွင်  အဓိပါယ်ဖွင့်ဆိုထားပြီး၊ အကျယ်အားဖြင့် “အကြောင်းအရာတခုကို ပုံနှိပ်ရာတွင်၊  သို့တည်းမဟုတ် ထွင်းထုရာတွင် ထိုအကြောင်းအရာသည် တဦးတယောက်သော သူ၏ အသရေကို  ပျက်စေသည်ဟု သိလျှင်၊ သို့တည်းမဟုတ် ထိုသို့ ပျက်စေသည်ဟု ယုံကြည်ရန်  အကြောင်းရှိလျှင်  ထိုသူကို (၂) နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ ဖြစ်ပါသည်။

ပြစ်မှုဥပဒေပုဒ်မ  – ၅၀၅(ခ) ဖြင့် ပြစ်ဒဏ်ချခံရမည်ဆိုပါက ကျခံရမည့်ထောင်ဒဏ်မှာ (၂) နှစ်ပင်  ဖြစ်သည်။ ထို့အတူ ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ ဖြင့် ပြစ်ဒဏ်ချခံရမည်ဆိုပါကလည်း  ကျခံရမည့်ပြစ်ဒဏ်မှာ (၂) နှစ် ပင်ဖြစ်သည်။ သို့သော်  အလုပ်မဲ့ထောင်ဒဏ်ဖြစ်သည်။

ထို့အပြင် ပြစ်မှုဥပဒေပုဒ်မ – ၅၀၅(ခ) ဖြင့်  တရားစွဲဆိုခြင်းခံရပါက ကျေအေးခွင့်မရှိပါ။ ပုဒ်မ – ၅၀၁ အရဆိုလျှင်  ရဲအရေးမပိုင်သည့် အမှု ဖြစ်သည့်အတွက် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိသည့်အပြင်  ကျေအေးခွင့်လည်း ရှိပေသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပုဒ်မ – ၅၀၁  ဖြင့် တရားစွဲဆိုခြင်း ခံရသူကို “အာမခံပေးရမည်” ဟု နောက်ဆက်တွဲဇယား စာတိုင်  (၅) တွင် အတိအလင်း ပြဌာန်းထားပါသည်။

ထို့ကြောင့် ယခင်က  ပြစ်မှုဥပဒေပုဒ်မ-၅၀၅(ခ) ဖြင့် စွဲဆိုထားခြင်းကြောင့် အာမခံမရနိုင်သည့် အမှု  ဖြစ်သည့်အတွက် အာမခံလျှောက်ထားရန် ထည့်သွင်းစဉ်းစားထားခြင်းမရှိသော  ကျွန်တော့်အနေဖြင့် ပြစ်မှုဥပဒေပုဒ်မ – ၅၀၁ ဖြင့်  ပြောင်းလဲစွဲချက်တင်လိုက်သော အဆင့်တွင် အာမခံလျှောက်ထားရန်  ပြင်ဆင်ရပေတော့သည်။ တရားရုံးတော်အနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ  – ၄၉၆ အရ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို အာမခံပေးရမည်ဖြစ်သည်။

ပြစ်မှုဆိုင်ရာ  ကျင့်ထုံးဥပဒေပုဒ်မ – ၄၉၆ တွင် “အာမခံမပေးနိုင်သော ပြစ်မှုတရပ်ဖြင့်  စွပ်စွဲခံရသူမှတပါး အခြား မည်သူတဦးတယောက်ကိုမဆို ၀ရမ်းမပါဘဲ  ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးကဖြစ်စေ၊ ရဲကြပ်ကြီးရာထူးထက် မနိမ့်သော  စုံစမ်းထောက်လှမ်းသူ အရာရှိတဦးကဖြစ်စေ ဖမ်းဆီးခြင်း သို့မဟုတ်  ချုပ်နှောင်ထိန်းသိမ်းခြင်း ပြုသောအခါ၊ သို့မဟုတ် ထိုသူသည်  တရားရုံးရှေ့သို့ ရောက်ရှိခြင်း၊ သို့မဟုတ် ခေါ်ဆောင်လာခြင်း ခံရသောအခါ၊  ထို့အပြင် အဆိုပါ ရဲအရာရှိ၏ ထိန်းသိမ်းမှုအောက်တွင် ရှိစဉ်  မည်သည့်အချိန်မဆို အာမခံပေးရန် အသင့်ဖြစ်လျှင် ထိုသူကို အာမခံဖြင့်  လွှတ်ထားရမည်။” ဟု အတိအလင်း ပြဌာန်းထားသည့်အပြင် ဖမ်းဆီးချုပ်နှောင်ထားသည့်  ရဲစခန်းမှူး သို့မဟုတ် တရားရုံးက သင့်တော်မည်ဟု ထင်မြင်ယူဆပါက အာမခံသူများ  မပါဝင်ဘဲနှင့်လျှင်ပင် ဖမ်းဆီးချုပ်နှောင်ခံရသူကိုယ်တိုင် ခံဝန်ချုပ်  ချုပ်ဆိုစေလျက် ထိုသူအား လွှတ်ထားနိုင်ပေသည်။

x x x x x

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကို အစဉ်လေးစားလျက်-

စောကျော်ကျော်မင်း

(၁၄.၄.၂၀၁၀)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၂)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကျောင်းသားများ၊  ယုံကြည်ချက်ကြောင့် နိုင်ငံ၏ရေးရာ ကိစ္စရပ်များတွင် တနည်းနည်းဖြင့်  ပါဝင်ပတ်သတ်နေသူများသည် ဆောင်းပါးအမှတ်စဉ် (၁၁) တွင် ရေးသားဖေါ်ပြထားသည့်  “ဖမ်းဆီးခံရပြီးသည့်နောက်ပိုင်း ၂၄ နာရီ ပြည့်သည့်အချိန်တွင် မိမိအား  ဖမ်းဆီးသူတို့က တရားရုံးတရုံးရုံးသို့ တင်ပို့ ရမန်ယူရမည်” ဆိုသည့်အချက်ကို  ကောင်းစွာ ဂရုတစိုက် မှတ်သားထားသင့်သည်ဟု ထင်မြင်မိသည်။ အကြောင်းမှာ  စစ်အာဏာရှင်၏ အုပ်ချုပ်မှုအောက်တွင် အာဏာရှင်ကို တနည်းနည်းဖြင့်  ဆန့်ကျင်နေသူများသည် အချိန်နှင့်အမျှ ဖမ်းဆီးထိန်းသိမ်းခံကြရနိုင်ပေသည်။

ထိုသို့  ဖမ်းဆီးခံလိုက်ရပြီဆိုသည်နှင့်တပြိုင်နက် မိမိလုပ်ဆောင်ခဲ့သည့်  အလုပ်များအကြောင်း စဉ်းစားရင်း များစွာ စိုးရိမ်ကြောက်ရွံ့သွားတတ်ကြပါသည်။  သိမ်ငယ်သည့် စိတ်များလည်း ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် မိမိ  ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်းဆိုရန် မေ့သွားတတ်ကြသည်။  အထူးသဖြင့် မိမိအား စစ်ကြောမည့် ရဲ ၊ ထောက်လှမ်းရေး စသူတို့နှင့်  မျက်နှာချင်းဆိုင်လိုက်ရသည့် အချိန်တွင် စိတ်လှုပ်ရှားမှု လွန်စွာ  မြင့်မားလာတတ်ပါသည်။ စိတ်လှုပ်ရှားမှုကြောင့် ဖြေဆိုသည့် အဖြေများထဲတွင်  အစွန်းထွက်သည့် အဖြေများ၊ မှားယွင်းသည့်အဖြေများ ပါသွားတတ်ပါသည်။

ထိုအချိန်တွင် မဖြည်းလွန်း မမြန်လွန်းသော နှုန်းဖြင့် အသက်ကို ဝဝ  ရှုသွင်းရှုထုတ် ပြုလုပ်ခြင်းဖြင့် စိတ်တည်ငြိမ်မှု ရရှိရန်  ကြိုးစားသင့်ပါသည်။ ထို့အပြင် အဖမ်းအဆီးမခံရခင် အချိန်က မိမိပြုလုပ်ခဲ့သည့်  အာဏာရှင်ကို ဆန့်ကျင်သည့် လုပ်ရပ်များကိုလည်း တတ်နိုင်သမျှ  မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ကြိုးစားရင်း အခြားတဖက်တွင် “ငါ  တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း အလုပ်ကို  ဘာတစ်ခုမှ မလုပ်ခဲ့ဘူး” ဆိုသည့် စိတ်ဓာတ်ကို အရမွေးယူခြင်းဖြင့်  ကိုယ့်ကိုယ်ကို ရဲဆေးတင်ထားသင့်ပါသည်။ ဖမ်းဆီးခံရ၍ စိတ်ပျက်အားငယ်  စိုးရွံ့နေမည့်အစား အထက်ဖေါ်ပြပါအတိုင်း သတိနှင့်ယှဉ်၍  လုပ်ဆောင်ကြည့်မည်ဆိုပါက သုံးလေးမိနစ်အတွင်းတွင် စိတ်တည်ငြိမ်မှု အတန်အသင့်  ရရှိလာနိုင်မည်ဖြစ်ပြီး မိမိကိုယ်ကိုလည်း အတန်အသင့် ယုံကြည်မှု  ရရှိလာနိုင်မည်ဖြစ်သည်။ ထို့နောက် စစ်ကြောရေးအတွက် အကောင်းဆုံးသော  အဖြေများကို သတိနှင့်ယှဉ်၍ ဖြေဆိုလာနိုင်မည်ဖြစ်သည်။

မိမိအား  ဖမ်းဆီးချုပ်နှောင်ထားသည့်ကာလ ၂၄ နာရီ တင်းတင်း ပြည့်သည့်အချိန်တွင် “  ကျွန်တော်/ကျွန်မကို ဆက်လက်ဖမ်းဆီးချုပ်နှောင်မည်ဆိုပါက တရားဥပဒေနှင့်အညီ  တရားရုံးမှာ ရမန်ယူပေးပါ” ဟူ၍ မပျက်မကွက် တောင်းဆိုသင့်ပါသည်။ မိမိ၏  တောင်းဆိုချက်ကို လိုက်လျောချင်မှ လိုက်လျောမည်မှန်သော်လည်း မိမိ၌ ရှိသည့်  အခွင့်အရေး၊ မိမိရသင့်ရထိုက်သည့် အခွင့်အရေးကို မိမိကိုယ်တိုင်  တောင်းဆိုရမည်သာဖြစ်သည်။ ထိုသို့ တောင်းဆိုလိုက်သည်နှင့်အမျှ မိမိအား  ဖမ်းဆီးထားသူတို့၏ တစုံတရာသော လေးစားမှုပြုခြင်းကို ခံလာရမည်ဖြစ်သည်။

အကယ်၍  ထိုတောင်းဆိုချက်နှင့်အညီ တရားရုံး တရားသူကြီး တဦးဦးရှေ့မှောက်သို့  ပို့ဆောင်မည်ဆိုပါက မိမိသည် ရဲ၏ ဖမ်းဆီးချုပ်နှောင်မှုဆိုခြင်းထက်  တရားသူကြီးတဦးဦး၏ ကြည့်ရှုစောင့်ရှောက်မှုအောက်သို့  ရောက်ရှိသွားမည်ဖြစ်ပြီး အဆိုပါ တရားသူကြီးထံတွင်လည်း “မိမိသည် ယခု မိမိအား  ဖမ်းဆီးစစ်ဆေးနေသည့် အမှုကို ကျူးလွန်သူမဟုတ်သဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း  (သို့မဟုတ်) မိမိသည် ယခု ရဲစခန်းအချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရခြင်းမှာ  တစုံတရာသော ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို  ခံရနိုင်ဖွယ်ရှိသဖြင့် ထောင်၊ အချုပ်သို့ ပြောင်းရွေ့ချုပ်နှောင်ပေးပါရန်”  စသည်အားဖြင့် မိမိသင့်တော်မည်ထင်သည့် အခွင့်အရေးဆိုင်ရာ  တောင်းဆိုချက်များကို တင်ပြတောင်းဆိုနိုင်ပေသည်။ တောင်းဆိုချက်များကို  ရမန်ပေးသည့် တရားသူကြီးက ခွင့်ပြုချင်မှ ခွင့်ပြုမည်မှန်သော်လည်း  တောင်းဆိုသည့်အတိုင်း အမှုတွဲတွင် မှတ်တမ်းတင် ထားရှိပြီးဖြစ်ကာ  မိမိတောင်းဆိုချက်သည် တရားဝင်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

မိမိအား  ဖမ်းဆီးပြီး ၂၄ နာရီအတွင်း၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ  ညှဉ်းပန်းနှိပ်စက်မှုများ ရှိပါကလည်း အဆိုပါ ရမန်ပေးမည့် တရားသူကြီးထံတွင်  မဖြစ်မနေ တင်ပြလျှောက်ထားရမည်ဖြစ်သည်။ သို့မှသာ မိမိခံရသည့် နစ်နာမှုကို  မှတ်တမ်းအဖြစ်လည်းကောင်း၊ သက်သေအဖြစ်လည်းကောင်း နောင်တချိန်ချိန်တွင်  ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ ဖမ်းဆီးပြီးနောက်ပိုင်း (၂၄)  နာရီပြည့်သည့်အခါတွင် တရားသူကြီးရှေ့မှောက်သို့ ပို့ဆောင်၍  ဆက်လက်ချုပ်နှောင်ခွင့် ရမန်ရယူခြင်းမှာ တရားဥပဒေ  လုပ်ထုံးလုပ်နည်းအမှန်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်  ကျင့်သုံးခြင်းမရှိသလောက် တိမ်မြုပ်ပျောက်ကွယ်လျက် ရှိပါသည်။  ကျွန်တော်မှတ်မိသမျှ ဖမ်းဆီးပြီးနောက် (၂၄) နာရီ ပြည့်သည့်အချိန်တွင်  ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ရမန်ယူခြင်းခံခဲ့ရသူများမှာ ၂၂.၅.၂၀၀၈ ရက်နေ့  (အင်္ဂါနေ့)တွင် ဖမ်းဆီးခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုလူငယ်များဖြစ်ကြသည့် ကိုထွန်းဇော်ဇော်နှင့် ကိုခင်ထွန်းတို့ နှစ်ဦးကို  ဖမ်းဆီးပြီးနောက်ပိုင်း (၂၄) နာရီ ပြည့်သည့်အချိန်တွင် တရားသူကြီးထံ  ပို့ဆောင်၍ ဖောက်ခွဲရေးနှင့် ပတ်သတ်သည်ဟူသော စွပ်စွဲချက်ဖြင့်  ရမန်ယူခဲ့ခြင်းပင်ဖြစ်သည်။ နောက်ပိုင်း အမှုမတည်ဆောက်နိုင်၍  ပြန်လွှတ်ပေးခဲ့ရသည်။ ကျန်သည့် ဖမ်းဆီးခံရသူများတွင် ထိုသို့ ရမန်ယူခြင်းမှာ  မရှိသလောက် ရှားပါးလှပေသည်။

ဖမ်ဆီးချုပ်နှောင်ပြီး (၂၄) နာရီပြည့်၍  ရမန်ယူပေးရန် မိမိတောင်းဆိုချက်ကို မလိုက်လျောသော်လည်း  စိတ်ဓာတ်မကျရန်များစွာ အရေးကြီးပါသည်။ ထို့အတူပင် မိမိတောင်းဆိုချက်မရ၍  စိတ်လိုက်မာန်ပါ ဒေါသထွက်ခြင်းမျိုး မဖြစ်ရန်လည်း အထူးလိုအပ်လှပါသည်။  ရက်ပေါင်းသုံးဆယ်ပြည့်သည်အထိ ခိုင်မာသော စိတ်ဓာတ်ဖြင့် စောင့်ဆိုင်း၍  စစ်ကြောရေးကို ကျော်ဖြတ်ခြင်းက အကောင်းဆုံးသော နည်းလမ်းဖြစ်ပါသည်။

ယခုအဆင့်တွင်  တောင်းဆိုသင့်သည်မှာ မိသားစုနှင့် ဆက်သွယ်ခွင့်၊  ရှေ့နေငှားရမ်းတိုင်ပင်ခွင့်ပင် ဖြစ်သည်။ တောင်းဆိုချက်မရသည့်တိုင်အောင်  ဖမ်းဆီးချုပ်နှောင်ထားသူတို့ကို မည်သည့်ဆန့်ကျင်ခြင်းမျိုးမှ  မပြုလုပ်မိစေရန် ထိန်းသိမ်းထားနိုင်ရမည်ဖြစ်သည်။

ဆောင်းပါးအမှတ်စဉ်  (၁၁) တွင် ရေးသားခဲ့သည့်အတိုင်း မည်သည့်ဖမ်းဆီးခြင်းခံရသူကိုမဆို ရက်ပေါင်း  (၃၀) ထက် ကျော်လွန်၍ ဖမ်းဆီးချုပ်နှောင်ခွင့်မရှိပါ။  ဖမ်းဆီးပြီးနောက်ပိုင်း ရက်ပေါင်း (၃၀) ပြည့်ပါက တရားစွဲဆိုရန်  လုံလောက်သည့် အကြောင်းအချက်ဖြင့် အမှုတည်ဆောက်နိုင်ပါက သက်ဆိုင်ရာ  တရားရုံးသို့ တင်ပို့ တရားစွဲတင်ရမည်ဖြစ်ပြီး အကယ်၍  တရားစွဲတင်နိုင်လောက်သည့် အကြောင်းအချက်မရှိပါက ပြန်လွှတ်ပေးရမည်သာဖြစ်သည်။

ထို့ကြောင့်  မိမိအား ဖမ်းဆီးထားပြီးနောက်ပိုင်း ရက်ပေါင်း (၃၀) ပြည့်၍  ကျော်လွန်သွားသည့် အချိန်တိုင်အောင် တရားစွဲတင်ခြင်းလည်းမရှိ၊ ပြန်၍လည်း  လွှတ်မပေးပါက အောက်ပါတောင်းဆိုချက် နှစ်ရပ်အနက် တရပ်ရပ်ကို တောင်းဆိုခြင်းက  အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“မိမိသည် ဖမ်းဆီးခံရပြီးနောက်ပိုင်း  (၂၄) နာရီပြည့်သည့်အချိန်တွင် တရားဥပဒေနှင့်အညီ တောင်းဆိုခဲ့သည်မှာ  ရမန်ယူပေးရန်ဖြစ်သည်။ သို့သော် မိမိတောင်းဆိုချက်ကို မလိုက်လျောခဲ့ပါ။ ယခု  မိမိကို ချုပ်နှောင်ထားသည်မှာ ရက်ပေါင်း (၃၀) ကျော်လွန်ခဲ့ပြီ ဖြစ်သည်။  ထို့ကြောင့် -

- မိမိကို ဥပဒေနှင့်အညီ တရားရုံးတွင် တရားစွဲတင်ရန် (သို့မဟုတ်)

- ရက်ပေါင်း (၃၀) ပြည့်သည့်တိုင်အောင် အမှုတည်ဆောက် တရားစွဲတင်နိုင်ခြင်းမရှိသဖြင့် ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးရန်

အထက်ဖေါ်ပြပါ အချက်နှစ်ရပ်အနက် တရပ်ရပ်ကို တိတိကျကျ တောင်းဆိုသင့်ပါသည်။  ဖမ်းဆီးခံရသူတို့သည် နည်းလမ်းအမျိုးမျိုး တောင်းဆိုနည်းအသွယ်သွယ်ဖြင့်  တောင်းဆိုရဲကြသည်မှာ မှန်သော်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  တင်ပြတောင်းဆိုခြင်းကိုမူ ဖမ်းဆီးသူတို့ ပိုမိုလေးစား တန်ဖိုးထားကြပေသည်။

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကိုအစဉ်လေးစားလျက်

စောကျော်ကျော်မင်း

(၃၀.၃.၂၀၁၀)

ဖတ်မိမှတ်မိ သမျှဥပဒေအပိုင်းအစများ (၁၁)
တရားလိုသက်သေ၏ “ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို စတင်ဖမ်းစီးသည့်အချိန်က  ရဲအရေးပိုင်သည့် ပုဒ်မဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်၍  တရားစွဲဆိုသည့်အခါမှသာလျှင် ရဲအရေးမပိုင်သည့် ပုဒ်မဖြင့်  တရားစွဲတင်ခြင်းဖြစ် သည်” ဆိုသည့် တရားရုံးရှေ့ သက်သေခံ ထွက်ဆိုချက်နှင့်  စပ်လျဉ်း၍ ဥပဒေကြောင်းအရ ဖမ်းဆီးခြင်း မှန်ကန်မှု ရှိသည်/မရှိသည်ကို  စဉ်းစားသုံးသပ်ကြရမည်ဖြစ်သည်။

ပြစ်မှုကျူးလွန်သူ တဦးတယောက်ကို  ဖမ်းဆီးသည်ဆိုရာတွင် ရဲအရေးပိုင်သည့်အမှုဖြင့် ဖမ်းဆီးခြင်းရှိ သကဲ့သို့  ရဲအရေးမပိုင်သည့်အမှုဖြင့် ဖမ်းဆီးခြင်းလည်း ရှိကြောင်းကို  ဆောင်းပါးအမှတ်စဉ် (၅) တွင် ရေးသား တင်ပြခဲ့ပြီးဖြစ်သည်။  ရဲအရေးမပိုင်သည့်အမှုဖြင့် ဖမ်းဆီးခြင်းဖြစ်လျှင် လုပ်ဆောင်ရမည့်  တရားစီရင်ရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကိုလည်း  ယခင်ဆောင်းပါးများတွင် အသေးစိတ်ရေးသားတင်ပြထားခဲ့ပြီးဖြစ် ပါသည်။

ထို့ကြောင့် ယခုဆောင်းပါးတွင် ရဲအရေးပိုင်သည့် အမှုများတွင်  ဖမ်းဆီးပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်  မဖြစ်မနေလုပ်ဆောင်ကြရမည့် ဥပဒေလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို  တင်ပြရန်လိုအပ်လာပါသည်။ သို့မှသာလျှင် တရားလိုသက်သေ၏ အထက်ဖေါ်ပြပါ  ထွက်ဆိုချက်သည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိသည်၊ မရှိသည်ကို  နှိုင်းယှဉ်စဉ်းစားသုံးသပ်နိုင်ကြမည် ဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ  နောက်ဆက်တွဲ ဇယား -၂ စာတိုင်သုံးတွင် ဖေါ်ပြထားသည့် ရဲက ဝရမ်းမပါဘဲ  ဖမ်းဆီးခွင့်ရှိသည်ဟု ဖေါ်ပြထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်ပါ  ပုဒ်မများသည် ရဲအရေးပိုင်သည့် အမှုများပင် ဖြစ်သည်။  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၄(၁) နှင့် ရဲလက်စွဲဥပဒေ ဒုတိယတွဲ  အပိုဒ် – ၁၀၅၀ တို့တွင် ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သော ပြစ်မှုများကို  ပြဌာန်းထားသည်။

မည်သည့်ရဲအရာရှိကမျှ ဝရမ်းမပါဘဲ  ဖမ်းဆီးထားသူတစ်ဦးကို အမှု၏ မည်သည့်အခြေအနေတွင်မဆို လိုအပ်သည့်အချိန်ထက်  ပို၍ ချုပ်နှောင်ထားရန် အခွင့်အာဏာမရှိချေ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ  ပုဒ်မ – ၆၁ အရ မည်သည့်ရဲအရာရှိမဆို ရဲအရေးပိုင်သည့်အမှုဖြင့်  ဖမ်းဆီးခံရသူတဦးကို (၂၄) နာရီထက် ပိုမို၍ ချုပ်နှောင်ထားခွင့်မရှိချေ။  ထိုကဲ့သို့ဥပဒေအရ (၂၄) နာရီတိတိ  ဖမ်းဆီးချုပ်နှောင်ခွင့်ပေးထားရခြင်းမှာလည်း ဖမ်းဆီးခြင်း ခံရသူသည်  ပြစ်မှုကျူးလွန်ခဲ့သူ ဟုတ်/မဟုတ်ဆိုသည်ကို စုံစမ်းထောက်လှမ်းနိုင်ရန်အတွက်  အချိန်ပေးထားခြင်း ဖြစ်သည်။

အထက်ဖေါ်ပြပါ (၂၄) နာရီ အချိန်ကာလအတွင်း  စုံစမ်းထောက်လှမ်းခြင်းကို အပြီးသတ်နိုင်ရန် လက္ခဏာ မရှိသည့်အပြင်၊  ပြစ်မှုကျူးလွန်ပါသည်ဟု စွပ်စွဲခြင်းခံရသူအပေါ် စွပ်စွဲထားသည့် စွပ်စွဲချက်  (သို့မဟုတ်) သတင်းပေးချက်သည် ခိုင်လုံသည်ဟု ယုံကြည်ရန်  အကြောင်းများရှိသည့်အခါတွင် စွပ်စွဲခြင်းခံရသူကို ဖမ်းဆီးထားသည့်နေရာနှင့်  အနီးဆုံးနေရာရှိ ရာဇဝတ်တရားသူကြီးထံ ချက်ချင်း တင်ပို့လျက် အဆိုပါ  ရာဇဝတ်တရားသူကြီးထံမှ ဆက်လက်ဖမ်းဆီးချုပ်နှောင်ခွင့် အမိန့်ကို  တောင်းခံရမည်ဟူ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ – ၁၆၇ နှင့်  ရဲလက်စွဲဥပဒေ အပိုဒ် – ၁၃၄၇ တို့တွင် အတိအလင်း ပြဌာန်းထားသည်။ ဆက်လက်  ချုပ်နှောင်နိုင်ရန် ရမန်အမိန့် တောင်းခံခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့  ရမန်အမိန့် တောင်းခံရာတွင် အောက်ပါ အချက်အလက်များနှင့် ပြည့်စုံရမည်  ဖြစ်သည်။

- ရဲတပ်ဖွဲ့စခန်းမှူး (သို့မဟုတ်) စုံစမ်းထောက်လှမ်းခြင်းပြုသော ရဲအရာရှိက

- ရမန်လျှောက်လွှာပုံစံပေါ်တွင် ရမန်လျှောက်ထားချက်ကို ရေးသားပြီး၊

- အမှုစုံစမ်းစစ်ဆေးထားသည့် အမှုနေ့စဉ်မှတ်တမ်း မိတ္တူတစောင်နှင့်အတူ

- စွပ်စွဲခံရသူကိုပါ တပါတည်းခေါ်ဆောင်လျက် ရမန်ပေးမည့် ရာဇ၀တ်တရားသူကြီး ရှေ့မှောက်သို့ ရောက်အောင် တင်ပို့ပေးရမည်ဖြစ်သည်။

ထိုသို့  တင်ပို့လာသည့်အခါတွင် ရမန်ပေးမည့် ရာဇဝတ်တရားသူကြီးသည်  မိမိသင့်သည်ထင်မြင်သည့် အတိုင်း စွပ်စွဲခံရသူကို ဆက်လက်  ချုပ်နှောင်ထားခွင့်ပြုနိုင်သည်။ သို့ရာတွင် အောက်ပါအတိုင်းသာ ခွင့်ပြုရမည်  ဖြစ်သည်။

- စွပ်စွဲခြင်းခံရသူ ကျူးလွန်သည့် ပြစ်မှုသည် (၇)  နှစ်နှင့်အထက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခြင်း ခံရနိုင်သည့်  ပြစ်မှုအမျိုးအစားမျိုးဖြစ်လျှင် ချုပ်နှောင်ခွင့်ပေးရမည့် ကာလသည်  စုစုပေါင်း ရက်ပေါင်း (၃၀) ထက် မပိုစေရ။

- စွပ်စွဲခြင်းခံရသူ  ကျူးလွန်သည့် ပြစ်မှုသည် (၇) နှစ်အောက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်  ချမှတ်ခြင်း ခံရနိုင်သည့် ပြစ်မှုအမျိုးအစားမျိုးဖြစ်လျှင်  ချုပ်နှောင်ခွင့်ပေးရမည့် ကာလသည် စုစုပေါင်း (၁၅) ရက်ထက် မပိုစေရဟု  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ – ၁၆၇ (၁) တွင် အတိအလင်း  ပြဌာန်းထားပါသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ  ဖမ်းဆီးချုပ်နှောင်ထားသည့်ကာလ (၂၄) နာရီထက် ကျော်လွန်သွားပါက  ရာဇဝတ်တရားသူကြီးထံ တင်ပို့၍ ချုပ်မိန့်ရမန် ရယူရန် ပြဌာန်းထားရသည့်  အကြောင်းမှာ မည်သည့် ဖမ်းဆီးချုပ်နှောင်ခံရသူကိုမဆို တရားရုံး၏  ကြည့်ရှုစောင့်ရှောက်မှုအောက်သို့ ရောက်ရှိစေလျက် ဥပဒေအရ ရသင့်ရထိုက်သည့်  အခွင့်အရေးများ ရရှိစေရန်အတွက်ပင်ဖြစ်သည်။ ရဲတပ်ဖွဲ့ဟူသည် တစုံတယောက်  ပြစ်မှုကျူးလွန်ခြင်းရှိ/မရှိကို စုံစမ်းထောက်လှမ်းခြင်း၊  ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ တရားရုံးသို့  တင်ပို့တရားစွဲဆိုရခြင်း စသည့် တရားစွဲအဖွဲ့အစည်း၏ အဓိကကျသည့်  လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း ဖြစ်သည်။

ထို့ကြောင့်  ဥပဒေသဘောအရ ကြည့်ပါက မည်သည့်ရဲအရာရှိမဆို ၎င်းတို့ သင်္ကာမကင်း၍ ဖမ်းဆီးထားသည့်  မည်သူ့ကိုမဆို ၎င်းတို့၏ လက်ဝယ်တွင် ပြစ်မှုနှင့်စပ်လျဉ်း၍ အမျိုးမျိုးသော  စစ်ဆေးမေးမြန်းမှုများဖြင့် စစ်ဆေးမေးမြန်းကြမည်ဖြစ်သည်။ ဖမ်းဆီးခြင်းခံရသူ  အမှုကို ဝန်ခံလာစေရန်အတွက် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကိုလည်း  ကျူးလွန်လာနိုင်သည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခြင်းခံရပါက  ဖမ်းဆီးခံရသူ၏ အခွင့်အရေး များစွာ ဆုံးရှုံးနစ်နာမည်ဖြစ်သည်။

လက်တွေ့အားဖြင့်  မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးချုပ်နှောင်ခြင်း  ခံရသူများကို ရဲထောက်လှမ်းရေး၊ အထူးသတင်းတပ်ဖွဲ့ စသည်တို့သည်  ဖမ်းဆီးပြီးနောက်ပိုင်း (၂၄) လေးနာရီကျော်လွန်သည့် ကာလတွင်  ရာဇဝတ်တရားသူကြီးထံမှ ချုပ်မိန့်ရမန် ရယူခြင်းမရှိဘဲ ၎င်းတို့စိတ်ထင်တိုင်း  စစ်ဆေးနှိပ်စက်ခဲ့ကြ သည်မှာ ထင်ရှားသည့် သာဓကများပင် ဖြစ်သည်။

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကို အစဉ်လေးစားလျက်-

စောကျော်ကျော်မင်း

(၁၈.၂.၂၀၁၀)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၁၀)
တရားရုံးတော်အနေဖြင့် အမှုတစ်ခု၏ စစ်ဆေးဆဲ မည်သည့်အဆင့်တွင်မဆို  တရားလိုဘက်မှဖြစ်စေ၊ စွပ်စွဲခံရသူဘက်မှဖြစ်စေ လျှောက်ထားတင်ပြချက်များ  ရှိလာပါက သက်ဆိုင်သည့် အမိန့်တရပ်ရပ်ကို မလွဲမသွေ ချမှတ်ပေးရမည်သာဖြစ်သည်။  ထို့ကြောင့် တရားလိုသက်သေ၏ အမှုစစ်ရဲအရာရှိထံ ထွက်ဆိုခဲ့သည့်  ထွက်ဆိုချက်များနှင့် ယခု ရုံးတော်ရှေ့ ထွက်ဆိုနေသည့် ထွက်ဆိုချက်များကို  တိုက်ဆိုင်စစ်ဆေးလိုကြောင်း ကိုဖိုးဖြူ၏ လျှောက်ထားချက်ကိုလည်း  ခွင့်ပြုသည်/ခွင့်မပြုသည်ဆိုသည့် အမိန့်တရပ်ရပ်ကို မလွဲမသွေ  အမိန့်ချမှတ်ပေးရမည်ပင်ဖြစ်သည်။

စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာဥပဒေ  ပုဒ်မ ၅၀၅(ခ) ဆိုသည်မှာ ရဲအရေးမပိုင်သည့်အတွက် တရားစီရင်ရေးဆိုင်ရာ  လုပ်ထုံးလုပ်နည်းများအရ ဦးတိုက်လျှောက်ထား တရားစွဲဆိုရသည့်  ပြစ်မှုမျိုးဖြစ်ကြောင်းကို ဆောင်းပါးအမှတ်စဉ် (၅) တွင်  ရေးသားဖေါ်ပြခဲ့ပြီးဖြစ်သည်။ ထို့အတူ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့  အမှုသည်လည်း တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြည့်ပါက  တရားရုံးတော်သို့ တရားလို ဒုရဲမှူး တင်မောင်အေးမှ လာရောက်ဦးတိုက်လျှေက်ထား  တရားစွဲသည့်အချိန်မှသာ အမှုစတင်ခြင်းဖြစ်သည်ဟု တရားရုံးတော်မှ  စဉ်းစားဆုံးဖြတ် အမိန့်တရပ် ချမှတ်ပေးရမည်ဖြစ်သည်။

ထိုသည်မှာ တရားရုံးတော်ရှေ့မှောက် စစ်ဆေးစီရင်ခြင်းမစတင်မီ  ရဲများအနေဖြင့် ကိုတင်ဝင်း၊ ကိုညီညီမင်း အမှုကို ပြဌာန်းထားသည့်  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ  ၅၀၅ ၊ ရဲအရေးမပိုင်သည့်အမှုနှင့် စပ်လျဉ်းသည့်  ဥပဒေလုပ်ထုံးလုပ်နည်းများဖြစ်သော ရဲလက်စွဲအပိုဒ် (၁၄၅၄) အရ  စွပ်စွဲခံရသူများကို ဖမ်းဆီးခြင်းမပြုသေးမီ တရားရုံးသို့  သွားရောက်ဦးတိုက်လျှောက်ထားခြင်း၊ ထိုမှတဆင့် တရားရုံးမှ ပြစ်မှုဆိုင်ရာ  ကျင့်ထုံးဥပဒေ ပုဒ်မ (၂၀၂)၊ တရားရုံးများလက်စွဲ အပိုဒ် (၄၂၆) အရ  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို စုံစမ်းထောက်လှမ်းရန် (သို့မဟုတ်)  စုံစမ်းစစ်ဆေးရန် တရားရုံးမှ သင့်သည်ထင်မြင်သော တစုံတဦးကို  ညွှန်ကြားချက်ပေး၍ စုံစမ်းထောက်လှမ်းစေခြင်း၊ ထိုသို့ စုံစမ်းထောက်လှမ်းသူ၏  ပြန်လည်တင်ပြချက်နှင့် တရားလို၏ ဦးတိုက်လျှောက်ထားချက်တို့ကို  စဉ်းစားချင့်ချိန်၍ အမှုကို ရုံးတော်ရှေ့မှောက် စုံစမ်းစစ်ဆေးရန်  လုံလောက်သည့် အကြောင်းရှိသည်ဟု တရားရုံးတော်မှ ယုံကြည်လျှင် ပြစ်မှုဆိုင်ရာ  ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၄(၁)၊ တရားရုံးများလက်စွဲ အပိုဒ် (၄၂၉) အရ  ဖမ်းဆီးရန် ဝရမ်းထုတ်ပေးခြင်း စသည့် လုပ်ထုံးလုပ်နည်းများအတိုင်း အတိအကျ  လုပ်ကိုင်ဆောင်ရွက်ခဲ့မည်ဆိုပါလျှင် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည်  တရားလို ဦးတိုက်လျှောက်ထားပြီး နောက်ပိုင်းတွင်မှ ဖမ်းဆီးခံရမည်ဖြစ်သည်။  ထိုသို့ပြုလုပ်မှသာလျှင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်၍  အမှုတည်ဆောက်မှု မှန်ကန်ပေလိမ့်မည်ဖြစ်သည်။

ထိုသို့  အမှုတည်ဆောက်မှုမှန်ကန်ပါလျှင် တရားလိုသက်သေမှ အမှုစစ်ရဲအရာရှိထံ  ထွက်ဆိုခဲ့ပါသည် ဆိုသည့်ထွက်ဆိုချက်(ရဲစက္ကူ)လည်း လုံးဝ ရှိနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် တဖက်မှ ဥပဒေအရာရှိ (အစိုးရရှေ့နေ) က  “ယခုရုံးတော်ရှေ့တွင် စစ်ဆေးစီရင်လျက်ရှိသော အမှုသည် ပြစ်မှုဥပဒေပုဒ်မ ၅၀၅  (ခ) ဖြင့် စွပ်စွဲထားခြင်းဖြစ်ပြီး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ  လုပ်ထုံးလုပ်နည်းများအရ ရဲအရေးမပိုင်သော အမှုများတွင် ဦးတိုက်လျှောက်ထား  တရားစွဲဆိုရကြောင်း၊ ထိုသို့ဦးတိုက် လျှောက်ထား  တရားစွဲဆိုရခြင်းကြောင့်ပင်လျှင် ရဲစက္ကူ ရှိသည့် အမှုမျိုးမဟုတ်ကြောင်း၊  ထို့ကြောင့် တဖက်တရားခံများ၏ ရှေ့နေမှ ရဲစက္ကူနှင့် တိုက်ဆိုင်စစ်မေးခွင့်  လျှောက်ထားနေခြင်းမှာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ကြောင်း”  ကန့်ကွက်လျှောက်ထားလေတော့သည်။

တရားရုံးတော်မှ ကိုဖိုးဖြူ  လျှောက်ထားတင်ပြလိုက်သည့် ရဲစက္ကူဖြင့် တိုက်ဆိုက်စစ်ဆေးခွင့်ပြုသည်/မပြုသည်  ဆိုသည့် အမိန့်တရပ်ကို ချမှတ်ပေးရန်အတွက် များစွာ  အခက်အခဲဖြစ်သွားပေတော့သည်။

တဖက် ဥပဒေအရာရှိ (အစိုးရရှေ့နေ)  လျှောက်ထားတင်ပြထားသည့်အတိုင်း “ ရဲစက္ကူမရှိ၍ တိုက်ဆိုင် စစ်ဆေးခွင့်  မပြုသင့်” ဆိုသည့်ဘက်သို့ အလေးသား၍ ဆုံးဖြတ်ချက်၊ အမိန့်  ချမှတ်မည်ဆိုပါကလည်း တရားလိုသက်သေကိုယ်တိုင် အဆုံးအဖြတ်ပေးရမည့်  တရားသူကြီးရှေ့မှောက်တွင်လည်းကောင်း၊ နှစ်ဘက်ရှေ့နေတို့၏  ရှေ့မှောက်တွင်လည်းကောင်း၊ စွပ်စွဲခံရသူများ၏ ရှေ့မှောက်တွင်လည်းကောင်း  “မိမိအား အမှုစစ်ရဲအရာရှိမှ ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အမှုနှင့် စပ်လျဉ်း၍  စစ်ဆေးမေးမြန်း မှတ်တမ်းထားရှိခဲ့ပါသည်” ဟု အတိအလင်း  ဝန်ခံထွက်ဆိုထားပြီးဖြစ်သည်။ ထိုသို့ဝန်ခံထွက်ဆိုချက်ကိုလည်း  စွပ်စွဲခံရသူများ၏ ရှေ့နေ ကိုဖိုးဖြူမှ တရားရုံးတော်တွင်  မှတ်တမ်းတင်ထားပြီးဖြစ်သောကြောင့် ရဲစက္ကူရှိကြောင်း  သက်သေထင်ရှားနေခဲ့ပြီးဖြစ်ကာ ကိုဖိုးဖြူလျှောက်ထားသည့်အတိုင်း “ရဲစက္ကူဖြင့်  တိုက်ဆိုင်စစ်ဆေးခွင့် ပြုသည်” ဟု အမိန့်ချမှတ်ပေးလိုက်ပါကလည်း  ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသော အမှုတည်ဆောက်  တရားစွဲဆိုမှုဖြစ်ကြောင်း ထင်ထင်ရှားရှား ပေါ်ပေါက်လာတော့မည်ဖြစ်သည်။  ကိုဖိုးဖြူ၏ ပြန်လှန်စစ်မေးခြင်းပညာ ကျွမ်းကျင်မှုပင်ဖြစ်သည်။  တရားရုံးတော်အနေဖြင့် လတ်တလော လုံးဝ စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိသော  အကြောင်းအချင်းရာ ပြဿနာတရပ်ကို နှစ်ဦးနှစ်ဘက်ရှေ့နေများက  လျှောက်ထားတင်ပြနေကြခြင်းသာဖြစ်သည်။

တဖန် တရားလိုသက်သေ  ထွက်ဆိုထားသည့်အတိုင်း “ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို စတင်ဖမ်းဆီးသည့်  အချိန်က ရဲအရေးပိုင်သည့် ပုဒ်မဖြင့် ဖမ်းဆီးခြင်းဖြစ်၍  တရားစွဲတင်သည့်အခါမှသာလျှင် ရဲအရေးမပိုင်သည့် ပုဒ်မဖြင့်  တရားစွဲတင်ခြင်းဖြစ်သည်” ဆိုသည့် သက်သေခံထွက်ဆိုချက်သည်လည်း  ထည့်သွင်းစဉ်းစားစရာ အချက်တချက်အဖြစ် ပါဝင်လာခဲ့ပါတော့သည်။

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကိုအစဉ်လေးစားလျက် -

စောကျော်ကျော်မင်း

(၁၆.၁၂.၂၀၀၉)

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၉)
ကိုဖိုးဖြူအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ ပြဿနာများကို အလေးပေး၍  ပြန်လှန်စစ်ဆေးခြင်းဖြစ်သည်။ တရားရုံး၏ အဝင်ပေါက်ဝတွင်လည်း ကိုတင်ဝင်း၊  ကိုညီညီမင်းတို့၏ မိသားစုများအပြင် အမှုစစ်ဆေးသည်ကို လာရောက်နားထောင်ကြသော  ကိုတင်ဝင်း၊ ကိုညီညီမင်းတို့အား လာရောက်အားပေးကြသော  အဖွဲ့ချုပ်အဖွဲ့ဝင်များအပြင် အာဏာပိုင်တို့မှ စေခိုင်းထားသည် အရပ်ဝတ်  စွမ်းအားရှင်နှင့် ကြံ့ဖွံ့များ၊ ထောက်လှမ်းရေးများဖြင့်  ပြည့်ကျပ်လျက်ရှိသည်။

ကိုဖိုးဖြူ၏ ပြန်လှန်စစ်မေးချက်များအရ  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့ကို ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ  ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လေသည်။

ကိုဖိုးဖြူမေးမြန်းသည့် ပြန်လှန်မေးခွန်းများမှာ  “ရုံးရှေ့စွပ်စွဲခံရသူများဖြစ်ကြသည့် ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား  စတင်ဖမ်းဆီးခဲ့စဉ်က ဝရမ်းပြသဖမ်းဆီးခဲ့ပါသလား ”ဟု မေးမြန်းခဲ့ရာတွင်  တရားလိုမှ “ဝရမ်းပြသ ဖမ်းဆီးခြင်းမဟုတ်” ဟု ဖြေဆိုလေသည်။ ထို့ကြောင့်  ဆက်လက်မေးမြန်းရန် မေးခွန်းများ ထင်ထင်ရှားရှား ပေါ်ပေါက်လာပေတော့သည်။

“ပြစ်မှုဥပဒေပုဒ်မ  (၅၀၅) သည် ရဲအရေးမပိုင်သည့် ပုဒ်မဖြစ်သည်ကို သိပါသလား” ဆိုသည့် မေးခွန်း၊  “ထိုကဲ့သို့ ရဲအရေးမပိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုလိုလျှင် ရဲလက်စွဲဥပဒေ  အပိုဒ် (၁၄၅၄) တွင် ဖေါ်ပြထားသည့်အတိုင်း တရားရုံးတွင် ပထမဦးစွာ  ဦးတိုက်လျှောက်ထားရမည်ကို သိပါသလား” ဆိုသည့် မေးခွန်း  စသည့်မေးခွန်းများကို မေးမြန်းခဲ့ရာ တရားလိုသက်သေများအနေဖြင့်  ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စတင်ဖမ်းဆီးသည့်အချိန်တွင်  ရဲအရေးပိုင်သည့် ပုဒ်မများနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း  ဖမ်းဆီးစစ်ဆေးပြီး နောက်ပိုင်း တရားစွဲဆိုသော အခါတွင်မှ ရဲအရေးမပိုင်သည့်  ပုဒ်မဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုလေသည်။

မြန်မာနိုင်ငံတွင်  ယနေ့တိုင်အောင် ထင်ရှားလျက်ရှိသော ဖမ်းဆီးချုပ်နှောင်ခြင်းမှာ  “စစ်ဆေးမေးမြန်းလိုပါသဖြင့် ခဏလောက်လိုက်ခဲ့ပါ” ဟု  ပြောဆိုဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရကာ ဖမ်းဆီးပြီးနောက်ပိုင်း  မည်သည့်အရပ်ဒေသတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရ၊ သေသလားရှင်သလား  ဆိုသည်ကိုလည်း မသိကြရဘဲ ကျန်ရစ်သူမိသားစုများ ပူပင်ကြောင့်ကြရသည့်အဖြစ်သို့  ရောက်ရှိစေကာ၊ မိသားစုဝင်တစ်ဦးတစ်ယောက် ဖမ်းဆီးချုပ်နှောင်ခံရပါက  ကျန်ရစ်သူ မိသားစုများကိုယ်တိုင်လည်း များစွာ စိတ်သောကရောက်ကြရပေသည်။

ထိုမျှမကသေး  ထိုသို့ဖမ်းဆီးချုပ်နှောင်ခြင်းမှာ ရဲတပ်ဖွဲ့ဝင်များ၊  အထူးသတင်းတပ်ဖွဲ့များအနေဖြင့် ၎င်းတို့ ဖမ်းဆီးမည့် သူများ၏  ပြစ်မှုကျူးလွန်ကြောင်းကို သေချာပိုင်နိုင်စွာ  သိရှိစုံစမ်းထားခြင်းမျိုးမဟုတ်ဘဲ၊ ခိုင်လုံတိကျသော သက်သေခံအထောက်အထားများ  ရရှိထားခြင်းမျိုးမဟုတ်ဘဲ တစ်ဦးတစ်ယောက်ကို သင်္ကာမကင်းဖြစ်ရုံမျှဖြင့်  ဖမ်းဆီး၍ စစ်ကြောရေးလုပ်စဉ်တွင် အတင်းအကျပ် ဝန်ခံစေခြင်း၊  ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခြင်း စသည့်နည်းလမ်းများကို အသုံးချ၍  အမှုတည်ဆောက် တရားစွဲတင်ကြခြင်းကြောင့် ဖြစ်ပေသည်။

ထို့ကြောင့်  အထက်ဖေါ်ပြပါ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့၏အမှုတွင် ကိုဖိုးဖြူက  တရားလိုများကို ရဲလက်စွဲလုပ်ထုံးလုပ်နည်းတို့ဖြင့် ထွက်ပေါက်မရှိအောင်  မေးမြန်းသည့်အခါတွင် “ဖမ်းဆီးစဉ်က ရဲအရေးပိုင်သည့် ပုဒ်မဖြင့် ဖမ်းဆီးပြီး၊  တရားစွဲတင်သောအခါတွင်မှ ရဲအရေးမပိုင်သော ပုဒ်မဖြင့်  တရားစွဲတင်ခြင်းဖြစ်သည်” ဟု ထွက်ဆိုကြခြင်းဖြစ်ပေသည်။

ဆက်လက်၍  ကိုဖိုးဖြူက “ကိုတင်ဝင်း၊ ကိုညီညီမင်းတို့ကို ဖမ်းဆီးသည့်အချိန်တွင်  ဖမ်းဆီးသည့်အဖွဲ့၌ ပါဝင်ခဲ့ပါသလား” ဟု မေးမြန်းသည့်မေးခွန်းကို  တရားလိုသက်သေက “ပါဝင်ခဲ့ပါသည်” ဟု ဖြေဆိုသဖြင့် ဆက်လက်မေးမြန်းရမည့်  မေးခွန်းဖြစ်သည့် “ရုံးရှေ့စွပ်စွဲထားသော အမှုနှင့် စပ်လျဉ်းပြီး  ရုံးတော်ရှေ့သို့ လာရောက် သက်သေထွက်ဆိုခြင်းမတိုင်ခင်က အမှုစစ်ရဲအရာရှိ၏  စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပါသလား” ဟု မေးမြန်းလိုက်သည့် အခါတွင်လည်း  “မှန်ပါသည်” ဟု ဖြေဆိုလေသည်။ “အမှုစစ်ရဲအရာရှိမှ  အမှုနှင့်စပ်လျဉ်းသော်  ခင်ဗျား၏ ထွက်ဆိုချက်များကို ရေးမှတ်ထားခဲ့ပါသလား” ဟု မေးမြန်းရာတွင်  “ရေးမှတ်ထားခဲ့ပါသည်” ဟု ထွက်ဆိုသည်။ ထို့ကြောင့် ကိုဖိုးဖြူသည် တရားလို၏  ရုံးတော်ရှေ့သို့ လာရောက်ထွက်ဆိုနေသော ထွက်ဆိုချက်များနှင့် ယခင်က  အမှုစစ်အရာရှိထံတွင် ထွက်ဆိုခဲ့သော ထွက်ဆိုချက်များကို  တိုက်ဆိုင်စစ်ဆေးလိုကြောင်း ရုံးတော်သို့ တင်ပြလျှောက်ထားလေတော့သည်။

တစ်စုံတစ်ယောက်ကို  ဖမ်းဆီးပြီးနောက်ပိုင်းတွင် အမှုနှင့်စပ်လျဉ်း၍ စစ်ဆေးချက်များကို  ရေးမှတ်ထားသည့် စာရွက်စာတမ်းများကို ရဲစက္ကူဟူ၍ ခေါ်ဝေါ်သုံးစွဲကြသည်။  ကိုဖိုးဖြူမှာ အဆိုပါ ရဲစက္ကူတွင် ရေးမှတ်ထားသော တရားလို၏ ထွက်ချက်များနှင့်  ယခု ရုံးရှေ့တွင် ထွက်ဆိုလျက်ရှိသော ထွက်ချက်တို့ ကွဲလွဲလျက်ရှိကြောင်းကို  သံသယရှိသည်ဖြစ်၍ တိုက်ဆိုင်စစ်ဆေးခွင့်ပြုပါရန် တရားရုံးသို့  တင်ပြလျှောက်ထားခြင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့  အမှုထမ်းများအနေဖြင့် ၎င်းတို့ ထိန်းသိမ်းထားရမည့် မည်သည့် စာ၊ မှတ်တမ်း၊  အမှုတွဲ သို့မဟုတ် ၎င်းတို့မှ ရေးကူးသည့် မည်သည့်မိတ္တူ၊  မည်သည့်ထုတ်နှုတ်ချက်မျိုးကိုမဆို တရားဥပဒေအရ တောင်းဆိုခွင့်မရရှိသူ  အရပ်သားတစ်ဦးတစ်ယောက် သို့မဟုတ် အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ  မပေးအပ်ရကြောင်းကို ရဲလက်စွဲအပိုဒ် (၁၄၀၇) တွင် အတိအလင်း ဖေါ်ပြထားပါသည်။  သို့ရာတွင် တရားရုံးမှ အမိန့်ချမှတ်၍လည်းကောင်း၊ အာဏာပိုင်  အစိုးရအရာရှိတဦးဦး၏ အမိန့်တစုံတရာဖြင့်သော်လည်းကောင်း၊ ထုတ်ပေးရန်  သို့မဟုတ် ပေးအပ်ရန် တောင်းခံလာမှသာလျှင် ထုတ်ပေးရမည်ဖြစ်သည်။

ကိုဖိုးဖြူသည်  ယင်းသို့ ထုတ်ပေးစေရန်အတွက် တရားရုံးတော်မှ အမိန့်တရပ် ချမှတ်ပေးပါရန်  သက်သေခံဥပဒေပုဒ်မ (၁၄၅) အရ တင်ပြလျှောက်ထားခြင်းဖြစ်သည်။ သက်သေတစ်ဦးကို  ယခင်က ရေးသားထားသော သို့မဟုတ် ရေးမှတ်ထားသော အစစ်ခံချက်ဖြင့်  ပြန်လှန်မေးမြန်းနိုင်သည်။ ထိုသို့မေးမြန်းရာ၌ ရဲစက္ကူတွင် ၎င်းကိုယ်တိုင်  အစစ်ခံထွက်ဆိုထားသည့် ထွက်ဆိုချက်များကို ပထမဦးစွာ ပြန်လည်သတိပေး  ပြောဆိုရသည်။ သို့မဟုတ် ပြန်လည်ဖတ်ပြပေးရသည်။ ထို့နောက်တွင်မှ  အမှုစစ်အရာရှိထံ ထွက်ချက်နှင့် တရားရုံးတော်တွင် ထွက်ဆိုသည့်  အစစ်ခံချက်တို့သည် မည်သည့်နေရာတွင် ကွဲလွဲကြောင်းတို့ကို တရားရုံးတော်မှ  အမှန်အတိုင်း သိရှိစေရန် မေးမြန်းရခြင်း၊ သက်သေခံတင်သွင်းခြင်းများ  ပြုလုပ်ရခြင်းဖြစ်ပေသည်။

ဆက်လက်ရေးသားပါဦးမည်

စာဖတ်သူများကိုအစဉ်လေးစားလျက်-

စောကျော်ကျော်မင်း

၂၄.၁၁.၂၀၀၉

ဖတ်မိမှတ်မိသမျှ ဥပဒေအပိုင်းအစများ (၈)
ကိုဖိုးဖြူအား အမှုအခြေအနေနှင့် ခုခံရေးလမ်းကြောင်းအပိုင်းကို အသေးစိတ်  ရှင်းပြလိုက်သည်။ ထိုနေ့ ရုံးချိန်းတွင် ကိုဖိုးဖြူ ပြန်လှန်စစ်မေးလေသည်။

တရားရုံးစလျှင်စချင်း  ကိုဖိုးဖြူသည် ရဲလက်စွဲဥပဒေအပိုဒ် (၁၃၈၂) အပိုဒ်ခွဲ (၂) နှင့် အပိုဒ်ခွဲ  (၅) တို့ကို ကိုးကားလျက် ရုံးရှေ့ စွပ်စွဲခံရသူများကို  လက်ထိပ်ခတ်ထားသည့်အတွက် လက်ထိပ်ဖြုတ်ပေးရန် တရားရုံးတော်ကို  တင်ပြလျှောက်ထားလေတော့သည်။

ရဲလက်စွဲဥပဒေ အပိုဒ် (၁၃၈၂) အပိုဒ်ခွဲ (၂) တွင် အာမခံပေးခွင့်မရသော  ပြစ်မှုကို ကျူးလွန်၍ ဖမ်းဆီးခံရသောသူ၏ နောက်ကြောင်းရာဇ၀င် ဂုဏ်သိက္ခာနှင့်  အလုပ်အကိုင်တို့ကို ထောက်ထား၍ လွတ်မြောက်ထွက်ပြေးရန် သို့မဟုတ်  ကြမ်းတမ်းစွာ ခုခံရန်အားထုတ်မည့် လက္ခဏာမရှိလျှင် လက်ထိပ်မခတ်ရ  ဟု  ဖေါ်ပြထားပြီး၊

အပိုဒ်ခွဲ (၅) တွင် တရားရုံးသို့ ထုတ်ယူသော  အမှုစစ်ဆေးဆဲရှိနေသည့် တရားခံများသည် ကြမ်းတမ်းစွာ ပြုမူလိမ့်မည်။ သို့မဟုတ်  ထွက်ပြေးရန် အားထုတ်လိမ့်မည်။ သို့မဟုတ် ၎င်းတို့အား လွတ်မြောက်ထွက်ပြေးရန်  ပြုလုပ်လိမ့်မည်ဟု ယုံကြည်ရန် လုံလောက်သော အကြောင်းမရှိလျှင် ၎င်းတို့အား  ရုံးသွားရုံးပြန် လက်ထိပ်မခတ်ရ  ဟု ဖေါ်ပြထားပေသည်။

အထက်ဖေါ်ပြချက်အရ  ကိုဖိုးဖြူသည် “ရုံးရှေ့ စွပ်စွဲခံရသူများ၏ နောက်ကြောင်းရာဇ၀င်နှင့်  ဂုဏ်သိက္ခာ တို့ကို ကြည့်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်  နိုင်ငံရေးသမားများဖြစ်ကြောင်း၊ နိုင်ငံရေးသမားများသည် မိမိတို့  ယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံနေကြသူများ ဖြစ်ကြောင်း၊ ထိုသူတို့၏  ဂုဏ်သိက္ခာသည် သံသယဖြစ်ဖွယ် လုံးဝ မရှိပါကြောင်း၊ ထို့အပြင်  တရားရုံးတော်ရှေ့တွင် အမှုရင်ဆိုင်နေကြသူများဖြစ်ကာ ရုံးထဲတွင်လည်း  လုံခြုံရေးအစောင့်အရှောက်များ ရှိနေပါသောကြောင့်  လွတ်မြောက်ထွက်ပြေးရန်သော်လည်းကောင်း၊ ကြမ်းတမ်းစွာ ခုခံရန်သော်လည်းကောင်း  မဖြစ်နိုင်သည့် အခြေအနေများ ရှိနေပါသဖြင့် တရားစစ်ဆေးနေသည့် အချိန်တွင်  လက်ထိပ်ဖြုတ်ပေးပါရန်”  တင်ပြလျှောက်ထားသည်။

ကိုဖိုးဖြူသည် လက်ထိပ်ဖြုတ်ပေးရန်တစ်ခုတည်းကိုပင် တင်ပြလျှောက်ထားရာ လျှောက်ထားချိန် နာရီဝက်မျှ ကြာမြင့်လေသည်။

ကိုဖိုးဖြူ  ထိုသို့ လက်ထိပ်ဖြုတ်ပေးရန် လျှောက်ထားနေသောအချိန်တွင် ကျွန်တော်သည်  အလုပ်သင် ရှေ့နေဖြစ်ခါစ၊ ညောင်တုန်းမြို့နယ်မှ ကိုသန်းထွန်းနှင့်  ကိုတင်ဌေးတို့အမှုမှ ဖြစ်ရပ်ကလေးတစ်ခုကို အမှတ်မထင် သတိရမိလိုက်သည်။ ၂၀၀၇  ခုနှစ်အတွင်းက ဖြစ်သည်။ ရဲအုပ် ကျော်မြသန်းနှင့် ကိုသန်းထွန်း၊  ကိုတင်ဌေးတို့ အမှုဖြစ်သည်။ ဆရာဦးခင်မောင်ရှိန်က ကိုတင်ဌေးအတွက်  လိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ကိုသန်းထွန်းအတွက် ဦးမျိုးတင့်ဆိုသည့်  ဗဟိုတရားရုံးချုပ်ရှေ့နေတစ်ဦးက လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်လေသည်။

“စိန်စီသောည”  အခွေ သိမ်းဆည်းရမိသောအမှု ဖြစ်သည်။ ကိုသန်းထွန်းကို ပြစ်မှုဥပဒေပုဒ်မ  (၅၀၅)(ခ) နှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ (၃၂)၊ ပုဒ်မ (၃၆) တို့ဖြင့်  တရားစွဲဆိုခြင်းဖြစ်ကာ ကိုတင်ဌေးကို ပြစ်မှုဥပဒေပုဒ်မ (၅၀၅)(ခ) ဖြင့်  တရားစွဲဆိုသော အမှုဖြစ်သည်။

အမှုစတင်စစ်ဆေးသောနေ့တွင်  တာဝန်ကျရဲသားများက ကိုသန်းထွန်းနှင့် ကိုတင်ဌေးကို တရားရုံးသို့  လက်ထိပ်တန်းလန်းဖြင့် ခေါ်ဆောင်လာသည့် အချိန်တွင်ဖြစ်သည်။  မြို့နယ်တရားသူကြီး ဒေါ်စောနွဲ့နွဲ့ဝင်းမှ လက်ထိပ်ဖြုတ်ပေးစေရန်  ချက်ချင်းညွှန်ကြားလိုက်သည်ကို ကျွန်တော် အမှတ်မထင် မှတ်မိနေခဲ့သည်။

သို့သော်  ယခု ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား စစ်ဆေးလျက်ရှိသော တရားရုံးတွင်မူ  ကိုဖိုးဖြူမှ လက်ထိပ်ဖြုတ်၍ အမှုသည်များ သက်တောင့်သက်သာဖြင့်  တရားစစ်ဆေးစီရင်သည်ကို ခံယူနိုင်ရန် တင်ပြလျှောက်ထားပါသော်လည်း  တရားရုံးတော်က လက်ထိပ်ဖြုတ်ခွင့်မပြုကြောင်း အမိန့်ချမှတ်လိုက်သည်။

လက်ထိပ်ဖြုတ်၍  တရားစစ်ဆေးစီရင်သည်ကို ခံယူရန် ဆိုသည်မှာ သာမန်အားဖြင့်ကြည့်လျှင်  မည်သို့မျှ အရေးမကြီးသော ကိစ္စတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင်  လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ရပ်တည်နေထိုင်လျက်ရှိသော  လူသားတစ်ဦးအနေဖြင့်ဆိုလျှင် ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ပါသည်ဟု စွပ်စွဲလျက်  တရားရုံးတင် စစ်ဆေးလျှက်ရှိသော အချိန်တွင် လက်ထိပ်တန်းလန်းဖြင့်  အများပြည်သူ၏ မြင်ကွင်းထဲတွင် လက်ထိပ်ခတ်ခံရခြင်းသည် ကြီးစွာသော  စိတ်အားညှိုးငယ်ခြင်းကို ဖြစ်ပေါ်စေမည်မှာ အမှန်ပင်ဖြစ်သည်။  လက်ထိပ်ခတ်ခြင်းခံထားရသည်ကို မြင်ရသူအပေါင်းအနေဖြင့်လည်း အထင်သေး  အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုကြမည်မှာ အမှန်ပင်ဖြစ်သည်။  ကဲ့ရဲ့ကြမည်မှာ အမှန်ပင်ဖြစ်သည်။

လူသားဖြစ်စဉ်ထဲ၌  လူတိုင်းလူတိုင်းအား လူသားဖြစ်တည်မှု၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုလေးစား၊  တန်ဖိုးထားကြရမည်မှာ ၂၁ ရာစု ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင်တိုင်း  ကိုယ်ပိုင်အသိတရားဖြင့် သိသင့်၊ သိထိုက်၊ သိအပ်လှသည့် ပြဌာန်းစရာမလိုသော  ၀တ္တရားပင်ဖြစ်သည်။

ရဲလက်စွဲဥပဒေအား ပြုစုပြဌာန်းခဲ့ကြသော  ဥပဒေပညာရှင်များသည် ယင်းအချက်ကို ကောင်းစွာသတိပြုလျှက် ရဲများအနေဖြင့်  လက်ထိပ်များကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုစေရန်အတွက်   ရဲလက်စွဲဥပဒေထဲတွင် လက်ထိပ်ခတ်ခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် သီးသန့်  ထည့်သွင်းပြဌာန်းပေးထားခြင်းဖြစ်ပေသည်။

သို့သော်  ရဲများ၏  လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များသည်လည်းကောင်း၊  ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိသော  လုပ်ဆောင်ချက်များသည်လည်းကောင်း၊ အမှုစွဲတင် စစ်ဆေးလိုက်သောအချိန်တွင်  သက်ဆိုင်ရာ တရားရုံးတွင် ထင်ထင်ရှားရှား ပေါ်ပေါက်လျက်ရှိကြသော်လည်း၊  သက်ဆိုင်ရာ တရားရုံးများက အလေးအနက်ထား ဖြေရှင်းခြင်း မရှိကြတော့ပေ။  တချို့တရားရုံးများသည်ပင်လျှင် ရဲလုပ်ထုံးလုပ်နည်းများ မှားယွင်းစွာ  လုပ်ဆောင်ထားကြသည်များကို ရဲများဘက်မှနေ၍ ကာကွယ်ဖြေရှင်းပေးတတ်ကြသည်။  ထို့ကြောင့် ရဲများအနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် လိုက်နာကြရမည့်  ရဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အလေးအနက်ထား လိုက်နာကြတော့ခြင်းမရှိဘဲ  ၎င်းတို့စိတ်ထင်သည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြသဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာသည်လည်း တစ်စထက်တစ်စ ကျဆင်းလာခဲ့ရာ  ယနေ့အချိန်အခါတွင်မူ ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်နေပေတော့သည်။

ဆက်လက်ရေးသားပါအုံးမည်။

စာဖတ်သူများကိုအစဉ်လေးစားလျက် -

စောကျော်ကျော်မင်း

၁၄.၉.၂၀၀၉