Yoma3 » အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတာနဲ့ ပတ်သက်၍ သူတို့အမြင်၊ သူမကို ထောင်ချလိုက်ရင် ဘာဆက်လုပ်မယ်ဆိုတဲ့ သူတို့ရဲ့အပြင်အဆင်
ဂျွန်ယက်တောမလာလဲ တခြားတနည်းနည်းနဲ့ ပုဒ်မတပ်ပြီးထိန်းသိမ်းတာပဲဖြစ်ဖြစ် ထောင်ချတာပဲဖြစ်ဖြစ် လုပ်မှာပဲ။

ဦးအေးသာအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ – CRPP)

CRPP  ရဲ့သဘောထားအမြင်ကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ခုနကလို တရားစွဲပြီးတော့  ပြစ်ဒဏ်ပေးဖို့ စီမံနေတာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပြီးတော့  နှစ်တွေပြည့်လာတဲ့အခါမှာ မလိုချင်တဲ့သဘောနဲ့ ဂျွန်ယက်တောကို  အကြောင်းပြပြီးတော့ ပြစ်ဒဏ်ချဖို့စီမံနေတယ်လို့ သဘောထားတယ်။

အကယ်၍  ဂျွန်ယက်တော မလာလို့ရှိရင်လဲ အခြားတနည်းနည်းနဲ့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်  ပုဒ်မတခုခုတပ်ပြီးတော့ ဆက်လက်ပြီးတော့ ထိမ်းသိန်းတာပဲဖြစ်ဖြစ်  ထောင်ချတာပဲဖြစ်ဖြစ်ပေါ့ လုပ်မယ်လို့ သဘောထားရှိပါတယ်။ အဓိကတော့  ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောင်ပွဲ မတိုင်ခင်မှာ ပြင်ပကို  မလွှတ်ချင်တဲ့အတွက်ကြောင့် အဲဒီလို စီမံပြီးတော့ ပြစ်ဒဏ်ချဖို့  လုပ်နေတယ်လို့ သဘောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့  မြန်မာနိုင်ငံရေးမှာ ယခင့်ယခင် ပုဂ္ဂိုလ်တွေကိုထောင်ချတာနဲ့တော့ မတူဘူးပေါ့။  တစ်နိုင်ငံလုံးရဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရဲ့  အဓိကကျတဲ့  ပုဂ္ဂိုလ်တစ်ယောက်ကို ပြစ်ဒဏ်ချလိုက်တာဟာ တနိုင်ငံလုံးရဲ့ နိုင်ငံရေးကို  တနည်းနည်းနဲ့ ထိန်းချုပ်လိုက်တယ်လို့ သဘောထားတယ်။ ဒီအပေါ်မှ  နိုင်ငံရေးပါတီတွေ CRPP အပါဝင်၊ NLD အပါဝင် နိုင်ငံရေးပါတီတွေရဲ့  တနည်းနည်းနဲ့ တုံ့ပြန်ရမယ့် အနေအထားတွေကိုတော့ အခုထက်ထိ ဆွေးနွေးတုန်းပါပဲ။  တိတိကျကျတော့ မဆုံးဖြတ်ရသေးပါဘူး။

x x x x x

ဟိုတုန်းက လူထုက ငုံ့မခံဘူး၊ အခုလဲငုံ့ခံမှာမဟုတ်ဘူး။

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD)

ဒေါ်အောင်ဆန်းစုကြည်ကို  ရုံးတင်တရားစွဲဆိုတာနဲ့ ပတ်သက်လို့က ကျွန်နော်ကတော့တလျှောက် လုံးပြောလာတာ  ဒါနိုင်ငံရေးလုပ်ကြံမှုပဲ။ တရားဥပဒေကြောင်းတွေ ကျနော်တို့  သိပ်မပြောလိုပါဘူး။ သူ့ကိုကန့်သန့်ထားတာက သူက အတွင်းကနေပြီးတော့  အပြင်ကိုမဆက်သွယ်ဖို့ အခုဟာက အပြင်ကလူကလာဆက်သွယ်တာ အဲဒီတော့ ဒေါ်အောင်ဆန်း  စုကြည်နဲ့ ဘာမှမသက်ဆိုင်ဘူး ဒါအပြစ်ပေးမယ်ဆိုရင်  လုံခြုံရေးစောင့်တဲ့သူတွေကိုသာ အပြစ်ပေးရမယ် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့  ဘာမှ အပြစ်မရှိဘူး။ အပြစ်မရှိပဲနဲ့ တရားစွဲတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို  ထောင်ထဲပို့ဖို့ ။ ဘာဖြစ်လို့ ထောင်ထဲပို့ချင်လဲ ဆိုတဲ့အခါကျတော့  ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ပင်မရေးစီးကြောင်းထဲက ဆွဲထုတ်ပြီးတော့  ဘေးဖယ်ထုတ်ချင်လို့ လုပ်ကြံတာ အဲဒါကြောင့် နိုင်ငံရေးလုပ်ကြံမှုဖြစ်တယ်လို့  သတ်မှတ်တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အရေးယူတာကို  ကျွန်နော်တို့ လက်မခံဘူး။ ဒီအမှုဟာ ကျွန်နော်တို့ သဘောကတော့  ရုတ်သိမ်းပေးရမယ်၊ အဲလို ရုတ်သိမ်းခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို  လွှတ်ပေးရမယ်။

နောက်တစ်ခုပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို  အခုလိုလုပ်နေတဲ့ကြားထဲက ကမ္ဘာကရော ဝိုင်း ကန့်ကွက်နေကြတယ်၊  ပြည်တွင်းကလဲဝိုင်းကန့်ကွက်နေတယ်၊ နိုင်ငံရေးအင်အားစုကြီးကလဲ  ဝိုင်းကန့်ကွက်နေကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးရေစီးကြောင်းထဲက  ဘေးဖယ်ထုတ်ချင်နေတဲ့အတွက် ထောင်ကျမယ်ဆိုရင် ကျွန်နော်တို့ ဘာလုပ်ကြမလဲ  ဆိုတာကို ဝိုင်းပြီးစဉ်းစားနေကြတဲ့နေရာမှာ ကျွန်နော်ကတော့  ဘာစဉ်းစားလဲဆိုရင် ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်  ဒီလိုအနေထားမျိုးဖြစ်တာဟာ ဒုတိယအကြိမ်ဖြစ်တာပဲ ၁၉၈၉ ခုနှစ်၊ ဇွန်လိုင် ၂၀  ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်တဲ့အချိန်တုန်းကလဲ အလားတူ  ဒီလိုကိစ္စမျိုးကြုံခဲ့တယ်။  အဲဒီအချိန် တုန်းကလဲ ပြည်တွင်းမှာရှိတဲ့  ဒီမိုကရေစီအင်အားစု ဆန္ဒပြမှုတွေ၊ သဘောထားဖော်ထုတ်မှုတွေ၊ ကန့်ကွက်မှုတွေ  အများကြီးဖြစ်ခဲ့တယ်။ သို့သော် သူတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို  နေအိမ်အကျယ်ချုပ်တယ်။ ပြီးတဲ့ အခါကြတော့ NLD ရောဘာရောညာရော အကုန်လုံး  လူပေါင်းများစွာကို ဖမ်းလိုက်ရတယ်။

အခုလဲဒီအတိုင်းပဲ  ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချမယ်။ အဲဒီအခါမှာလဲ သူတို့ကဘာလုပ်ရမလဲဆိုရင်  ပါတီတွေအများကြီးရုတ်သိမ်းမယ်။ အဲ့ဒီမှာ လူထုကခံမှာမဟုတ်ဘူး၊ ဟိုတုန်းက  လည်းငုံ့မခံခဲ့ဘူး၊ ခုလည်းငုံ့ခံမှာမဟုတ်ဘူး၊အဲ့ဒါကိုပြောချင်တယ်၊  ဟိုတုံးကငုံ့မခံခဲ့ဘူးဆိုတာက နယ်စပ်ကိုထွက်သူထွက်  ထောင်ထဲရောက်တဲ့လူကရောက်နဲ့၊ ဒါပေမဲ့လို့အဲ့ဒီအချိန်တုန်းက နိုင်ငံတကာရဲ့  ၀ိုင်းဝန်း ထောက်ခံအားပေးမှု၊ ၀ိုင်းဝန်းကူညီမှုဟာဒီလောက်ထိမရှိသေးဘူး၊  ခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုလိုက်တဲ့အပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှုဟာအလွန်ကြီးမားပါတယ်။ ခုတော့ ကမ္ဘာ တခုလုံးရဲ့  ထောက်ခံမှု လူထုကြီးရဲ့ထောက်ခံမှုနဲ့ဒီကိစ္စကို  ၀ိုင်းဝန်းပြီးတော့ဟန့်တားကြမယ် ဆုံးဖြတ်ကြမယ်ဆိုတဲ့အခါမှာ  သူတို့ဘယ်လောက်ပဲ ဖမ်းဖမ်း  လူထုရဲ့တုံ့ပြန်ချင်တဲ့အနေထားအကောင်းဆုံးအနေထားမှာရှိမယ်လို့  ပြောချင်ပါတယ်။

အခုသူတို့ ဒီလိုထောင်ချမယ့်အနေထားနဲ့  ပတ်သက်ပြီးတော့ ဘယ်လောက်ပဲ့ကြာကြာ လူတွေကိုထောင်ထဲ ဆွဲသွင်းမယ်လို့်  ကြံနေတဲ့အချိန်မှာပဲ တဘက်ကနေပြီးတော့ ကမ္ဘာကနေပြီးတော့  အတင်းဖိအားပေးနေတဲ့အတွက် အကျဉ်းသားတွေ လွှတ်ပေးပါတော့မယ် ဆိုတဲ့  စကားသံမျိုးတွေထွက်လာနေရတယ်ပေါ့ဗျာ။ ဒါ အရင်တုန်းက သူတို့ ဒီလို ဟာမျိုး  ထွက်ရိုး ထုံးစံမရှိပါဘူး။ အကျဉ်းသားလို့တော့ပြောတာပဲ  နိုင်ငံရေးကျဉ်းသားမပါဘူးဗျ။ လွှတ်ပေးတဲ့အခါမှာလဲ နိုင်ငံရေးကျဉ်းသားမပါဘူး။  သို့သော်ဘာပဲပြောပြော ကြိုတင်ပြီးတော့ လွှတ်ပေးဖို့ အစီစဉ်ရှိတယ် ဘာညာ  ဆိုတာကို ရက်ပေါင်းများစွာချီလို့ ၊ လပေါင်းများစွာချီလို့ ဘယ်တော့မှ  ပြောလေ့မရှိပါဘူး။

စစ်တပ်ဟာသူတို့ဘက်မှာ ကမ္ဘာရဲ့ ဖိအားဟာ  ဘယ်လောက်ကြီးတယ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ဘာပဲ ပြောပြော  သူတို့ရှောင်ရှားရမယ့် အနေအထား မှာရှိတယ်။ အဲဒါကို ကြည့်မယ်ဆိုလို့ ရှိရင်  လူထုရဲ့ တုံ့ပြန်မှုအားဟာ ပိုသိရမယ်။ လူထုကဘာလည်းဆိုရင် စစ်အစိုးရကို  ကြည့်နေတာကိုး။ ဘာနဲ့တူသလဲဆိုရင် သွေးညှီနှံ့ရတဲ့ကျားလိုပဲ  သွေးနံ့ရတယ်ဆိုရင်တော့ ကျားကခုန်အုပ်မှာဘဲ၊ လူတွေ က  အတော်ကိုဒုက္ခရောက်နေတယ်၊ လူထုအပေါ်သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကလည်း  အတော်ကိုကြီးမားနေတယ်၊

အဲ့ဒီ အချိန်မှာ သူတို့အကျဉ်းသားတွေကို  လွှတ်ပေးပါ့မယ်လို့ကြိုတင်ပြီးတော့ပြောရတာ ဒေါ်စုကိုထောင်ချဖို့ တဖက်က ကြံနေ  တဲ့တချိန်တည်းမှာပဲ  အကျဉ်းသားတွေလွှတ်ပေးပါ့မယ်လို့ထုတ်ဖော်ကြေညာရတာ၊   ချက်ခြင်းကိုအူရားဖားရား ဘန်ကီမွန်း ကို အမှီလိုက်ပြီးတော့ သံအမတ်နဲ့  ပြောရတယ်ဆိုတာက ဒါအဓိပ္ပါယ်ရှိတယ်၊ အဲ့ဒီလိုသူတို့ရဲ့အားနည်းခြင်းကို ကြည့်  ပြီးတော့ လူထုရဲ့တုန့်ပြန်မှုကလည်း ကြီးမားလိမ့်မယ်လို့ကျနော်ယူဆတယ်၊

ကျနော်တို့ဘက်က  ဘာတွေလုပ်မယ်ကိုင်မယ်ဆိုတာကတော့ ပြောလို့သိပ်မလွယ်ဘူး၊  အဖွဲ့အစည်းဖြစ်နေတော့ အဖွဲ့စည်းကိစ္စပုံ သဏ္ဍန်နဲ့သွားရမှာပဲ၊ သေချာတာတခုကတော့  အဲ့ဒီလိုဖြစ်လာရင် ပြည်တွင်း၊ ပြည်ပ အပြန်အလှန် ပူးပေါင်းပြီးတော့၊  အပြန်အလှန်အားပေးကူညီပြီးတော့ ဒါအုံကြွမှုကြီးတွေပေါ်လာနေရင် ဒါဟာ  အုံကြွမှုတွေပေါ်လာတဲ့ အလားအလာ ကလဲ အလွန်ကိုကြီးကြီးမားမားကြီးကို ရှိနေတယ်။  အထူးသဖြစ်ကတော့ စစ်တပ်ရဲ့ အားနည်းချက်ကို မြင်ရတဲ့ ကြားရတဲ့အတွက် လူထုရဲ့  အုံကြွမှုက ပိုကြီးမားတယ်လို့ ကျွန်နော်တို့ပြောချင်တယ်။ အဲဒီ နှစ်ချက်ပဲ  ကျွန်နော်တို့ ပြောချင်တယ်။

သို့သော် ဘာလဲဆိုတော့  ပါတီတွေနေနဲ့ကတော့ ကြိုတင်ပြောလို့မရတဲ့အတွက် မပြောနိုင်သေးပေမဲ့လို့  သေချာတာတခုကတော့ ဒီတစ်ခါမှာတော့ တခုခုဖြစ်လာရင် ကျွန်နော်ထင်တယ်  ရွှေဝါရောင်တော်လှန်ရေးတုန်းကလို ပါတီတွေဟာ ငြိမ်နေမယ့် အနေထားမျိုးတော့  မရှိတော့ဘူး။ ဒီခါမှ ငြိမ်လိုက်ပြီဆိုရင်တော့ ကျွန်နော်တို့ ဘာမှ ကျန်တော့  မှာမဟုတ်ဘူး။ ဒေါ်စုလို ခေါင်းဆောင်မျိုး လူထုထောက်ခံမှု အပြည့်အဝရှိပြီး  ဒေါ်စုရဲ့ အရေးခင်း ကမ္ဘာရဲ့ ထောက်ခံမှု အပြည့်ဝရှိတဲ့ အရေးအခင်း၊ အဲဒီလို  အရေးခင်းမျိုးမှာမှ ပါတီတွေဟာ ရွှေဝါရောင်တုန်းကလိုပဲ ဘေးထိုင်တိုင်နေမယ်၊  လက်ပိုက်ကြည့်နေမယ် ဆိုရင်တော့ ဒါသူတို့ရဲ့ တော်တော်ကြီးမားတဲ့  တန်ပြန်မှုတွေကို ပေါ်လာမှာပဲ အဲဒါကြောင့် ကျွန်နော်ထင်တယ်  နိုင်ငံရေးအင်အားစုတွေ အနေနဲ့လည်း လူထုရဲ့အုံကြွမှုတွေမှာ ပါဝင်လာမှာပဲလို့  ကျွန်နော်ကတော့ ခန့်မှန်းတာပေါ့နော်။

x x x x x

သီးသန့် လမ်းပေါ်ထွက်ပြီးတော့ မပို့ရဲဘူးပေါ့။ ဒီဘုရား ဝတ်တက်ပြီးလို့ ရှိရင် ဒကာမကြီးကို မေတ္တာဝိုင်းပို့ကြတယ်လို့ သိရပါတယ်။

အရှင်တိက္ခ (သံဃာ့တပ်ပေါင်းစု)

ဒေါ်အောင်ဆန်းစုကြည်ကို  ထောင်ချလိုက်မယ်ဆိုရင်တော့ သံဃာထုတွေအနေနဲ့ကတော့ အရင် စက်တင်ဘာ လှုပ်ရှားမှု  တွေလို ပြန်လည်ပေါ်ပေါက်လာနိုင်တာပါပဲ။ အရင် နှစ်လည်း အကြောင်းပြပြီးတော့   အဓိကရည်မှန်းချက် ပန်း တိုင် ကတော့ စစ်အာဏာရှင် စနစ်ပြုတ်ကျပြီးတော့  ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုနိုင်တဲ့ အစိုးရတရပ် ပေါ် ပေါက်ရေးဆိုတော့  ဒီဟာကို အကြောင်းပြပြီးတော့ ဒီဟာနဲ့ပူးပေါင်းပြီးတော့ အဲဒီအချက်ပေါ်မှာ  မူတည်ပြီးတော့  စက်တင် ဘာ လိုဖြစ်ရပ်မျိုးဘဲ ပြန်ဖန်တီးရမှာပါ။

ဒါပေမယ့်  ဒီတခါကြတော့ အကုန်လုံး အလွှာစုံအပါဝင် သံဃာထု တခုတည်း မဟုတ် ဘဲနဲ့  ကျောင်းသားရော ပြည်သူလူထုရော ဝန်ထမ်းပါအပါအဝင်  ပေါင်းဖက်နိုင်ရင်အကောင်းဆုံးဖြစ်မှာပါ ၊မြန်မာ နိုင်ငံ  တနိုင်ငံလုံးအပေါ်ကို ကျေးဇူးရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်း  ဖြစ်တဲ့ ပြည်သူလူထုအတွက် တကယ်နစ်နာခံ ဆောင်ရွက်နေတဲ့ အမျိုးသမီး  လည်းဖြစ်တယ်၊ တင်စားပြီးပြောလို့ ရှိရင် မြန်မာနိုင်ငံရဲ့  အနာဂါတ်မျှော်လင့်ချက်ပါဘဲ၊ ဒီ အနာဂါတ် မျှော်လင့်ချက်ကို ရိုက်ချိုး  ဖျက်ဆီးပစ်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဒေါသဟာ ထိန်းလို့ရမယ်လို့ မထင်ပါဘူး။

ပြည်သူလူထုကတော့  ဘုန်ကြီးတွေ ဆွမ်းခံကြွနေတော့ ပိုသိတာပေါ့ သူတို့မှာ ဘဲဥလေးကို အာလူးနဲ့  ရောပြီး တော့ ဘဲဥလေး တစ်ခြမ်း၊ အာလူးလေးတစ်လုံးလောက်နဲ့ စားနေရတာ။  ပြည်သူလူထုရဲ့ ကြုံတွေ့နေရ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကုန်လုံးက  စီးပွားရေးရော လူမှုရေးရော အစစ အရာရာ အကုန်လုံးကြပ်တည်းနေတာပဲ ။ ဒီကြားထဲ  သူတို့ရဲ့ မတရားတဲ့ ဖိနှိပ်ချုပ်ချယ်မှု မျိုးကိုလည်း ရင်ဆိုင်နေရတာပါဘဲ။

မနက်မိုးလင်းရင်  ရေဒီယိုလေးတွေနဲ့ အသံလွှင့်မီဒီယာတွေဘဲ လက်လှမ်းမှီတာပေါ့ ၊မရှိတဲ့  အိမ်တွေကလဲ ရှိတဲ့ အိမ်တွေက ကျယ်ကျယ်ဖွင့်တာလေးကို နားထောင်ပြီးတော့  အကုန်လုံးတော့ အဲဒါမတရားဘူး လုပ်သင့်တယ် လို့တော့  အချင်းချင်းဝေဖန်ကြတာပေါ့။ တချို့ကြတော့ သူတို့နည်း သူတို့ဟန်နဲ့  မေတ္တာပို့ကြတာပေါ့။ သီးသန့်လမ်းပေါ်ထွက်ပြီးတော့ မပို့ရဲဘူးပေါ့။ ဒီဘုရား  ဝတ်တက်ပြီးလို့ ရှိရင် ဒကာမကြီးကို မေတ္တာဝိုင်းပို့ကြတယ်လို့ သိရပါတယ်။

x x x x x

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် တစုံတရာ ဆန္ဒပြပွဲတွေဖြစ်လာမယ်လို့ ပြည်သူလူထုက ယုံကြည်တယ်။

ကိုထင်ပေါ် (၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂ)

၂၀၀၇  မျိုးဆက်သစ်အနေနဲ့ လက်မခံဘူးဆိုတာကို လှုပ်ရှားမှုတွေနဲ့  ပြသခဲ့ပြီးဖြစ်ပါတယ်၊ ကျောင်းသားတွေ အနေနဲ့ကလဲ လှုပ်ရှားမှုတွေမှာ  ပါဝင်လာတယ်၊ သူတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်  လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လာတယ်၊ ဒါကိုကြည့်ချင်းအားဖြင့် နအဖက  ၂၀၁၀ မှာ မဖြစ်မနေဆက်လုပ်မယ်၊ အာဏာရှင်စနစ် ဆိုတာကို  ဆက်လက်အသက်သွင်းသွားမယ်ဆိုတာပေါ်လွင်ပါတယ်၊ တကယ်လို့ လူထုခေါင်းဆောင်

ဒေါ်အောင်ဆန်း  စုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ဒီထက်ကြီးမားကျယ်ပြန့်တဲ့  ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင် ကျနော်တို့  ကျောင်းသားထုအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ် ဘူး၊  ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကြမ်းမဖက်ဘဲ ကျနော်တို့ ဆန္ဒကိုဖော်ထုတ်မယ်၊  နောက်ဆုံး လမ်းပေါ်ထွက်ပြီး ပြည်သူလူထု ရဟန်းသံဃာတွေနဲ့ ပေါင်းပြီးဆန့်ကျင်  ဆန္ဒဖော်ထုတ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊

လူထုအာရုံစိုက်မှုကတော့  အပြည့်အဝရှိတယ်၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်မယ်ဆိုရင်  တစုံ တရာ ဆန္ဒပြပွဲတွေဖြစ်လာမယ်လို့ ပြည်သူလူထုက ယုံကြည်တယ်၊ အဲလိုဖြစ်လာရင်  လူထုက ချက်ချင်းဆိုသလို ပူးပေါင်းပါ ဝင်လာပါလိမ့်မယ်၊ အခုအချိန်ထိ  အရှိန်လျော့ကျသွားတာမရှိသေးဘူး၊

ထောင်ချလိုက်မယ်ဆိုရင်   ကျောင်းတွင်းမှာ ကျောင်းသားဒီမိုကရေစီအုံကြွမှုတွေ ကျောင်းတွင်လှုပ်ရှားမှုတွေ  ကျနော်တို့ ဖော်ဆောင်မယ်၊ တဖြည်းဖြည်းနဲ့ အင်းအားကောင်းလာပြီး  ကျောင်းသားတွေ စုစည်းရပြီဆိုတာနဲ့ လမ်းပေါ်ကို ထွက်ပြီး  ကိုယ့်ဆန္ဒဖော်ထုတ်ပြီး ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမှာပါ။

x x x x x

အဲသလိုသာ  ရက်စက်ခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကိုသာ ရင်ဆိုင်ကြုံတွေ့ ရမှာပါ။  ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ရေတို ရေရှည် တိုက်ပွဲတွေကို စနစ်တကျစီမံပြီး  တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။

ကိုဇာနည် ( ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် – ABFSU)

ကျနော်တို့  လက်ရှိ ဗကသများအဖွဲ့ချုပ်အနေနဲ့ အတိုက်အခံ အင်အားစုရဲ့  အဓိကခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလို အဖမ်းဆီးခံ ထားရတဲ့ အပေါ်  လုံးဝမနှစ်မြို့ဘူး။ လက်ခံနိုင်ခြင်းလည်း မရှိဘူး။ စစ်မှန်တဲ့  အခြေခံဥပဒေကို ဒီလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို   ဖမ်းဆီးအရေးယူတဲ့နည်းနဲ့ ရယူ နိုင်မှာမဟုတ်ဘူး။ အတိုက်အခံ  နိုင်ငံရေးအင်အားစုတွေရဲ့သဘောထား လုပ်ဆောင်မှုတွေကို လှစ်လျှူရှုခြင်းဟာ  ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် တိုင်းပြည်ရဲ့ အေးချမ်းစွာ  ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ.ဖြိုးတိုးတက်ရေးကိုပါ လျစ်လျူရှုတာ ဖြစ်တယ်။  အတိုက်အခံအင်အားစုတွေကို မတရား ဖမ်းဆီး ထောင်သွင်းအကျဉ်းချတယ်၊ တဖက်သတ်  အခြေခံဥပဒေ ရေးဆွဲတယ် ဆိုတာဟာ မင်းမဲ့စရိုက်  ဆန်ဆန်၊လူမိုက်ဆန်ဆန်ဖြေရှင်းတာဖြစ်တယ်။ အဲသလို နည်းလမ်းမျိုးနဲ့တော့  စစ်မှန်တဲ့ တိုးတက် ပြောင်းလဲမှုကို ဘယ်လိုမှမရရှိနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  အဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားအားလုံး ကိုပြန်လွှတ်ပေးခြင်းဖြင့်သာ  တိုင်းပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းစွာ တိုးတက် ပြောင်းလဲရေးကို  အစပြုနိုင်မှာပါ။ အဲဒီကမှ တဆင့် စစ်မှန်တဲ့ တိုင်းရင်းသား လူတန်းစား  ပေါင်းစုံ လက်ခံနိုင်တဲ့အခြေခံဥပဒေနဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို  ဦးတည်ရှေ့ဆက်နိုင် မှာဖြစ်တယ်။

ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ဟာ  သမိုင်းတလျှောက်လုံး လူထုရှေ့မှာ ရပ် တည်ပြီး လူထုအကျိုးစီးပွားကို  အစဉ်တစိုက် ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် လူထုက  အမှန်တကယ် လိုအပ်နေတဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုများရရှိဖို့အတွက်  သမိုင်းပေး တာဝန်တွေကို ဦးဆွေးဆံမြေ့ ထမ်းဆောင်သွား မှာပါ။  ဗကသများအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင် ဆန်းစုကြည် အပါအဝင်နိုင်ငံရေး  အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ် မြောက်ရေးအတွက် လိုအပ်တဲ့တိုက်ပွဲတွေ၊  campaignွကို အဆင့်ဆင့် စနစ်တကျ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို  ထောင်ချမယ်ဆိုတာ လုံးဝလက်မခံနိုင်တဲ့ အကြောင်းတရားပါ။ တိုင်းပြည် အတွက်  ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးလည်းဖြစ်၊ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူ  တရပ်လုံးကိုလည်း စိန်ခေါ် လိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရက အဲသလိုသာ  ရက်စက်ခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကိုသာ ရင်ဆိုင်ကြုံတွေ့ ရမှာပါ။  ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ရေတို ရေရှည် တိုက်ပွဲတွေကို စနစ်တကျစီမံပြီး  တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ လုံလောက်တဲ့ အင်အားစုတွေကို စုစည်းပြီး  အဖြစ်သင့်ဆုံး အစီအစဉ်တွေကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်။  ဗကသများအဖွဲ့ချုပ်အနေနဲ့ လူထုရဲ့အကျိုးစီးပွားကိုသာ  အစဉ်ရှေးရှုပြီး၊လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း  ပြည်သူလူထုတရပ်လုံးကို အသိပေးချင်ပါတယ်။

x x x x x

ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုက အဓိကကျဆုံးဖြစ်တယ်။

ဦးအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ – DPNS)

တစ်ချက်ကတော့  ကျနော်မြင်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ကနေ့ ကျနော်တို့ တိုင်းပြည်ရဲ့  နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကျိုးစားတာဖြစ်တယ်။ နှစ်အချက်ကတော့  အမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ကို ဒီကနေ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ  ဖယ်ထုတ်တာဖြစ်တယ်။သုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး စသဖြင့်  ကိုမင်းကိုနိုင် ဒီနိုင်ငံရေး အကျဉ်းသားတွေအပါအဝင် မြန်မာပြည်  ဒီမိုကရေစီရေးလှုပ်ရှားမှု တစ်ခုလုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်က  နေပြီးတော့ ဖယ်ထုတ်ဖို့ နအဖရဲ့ကျိုးစားတဲ့ ခြေလှန်းတစ်ခု ဖြစ်တယ်လို့  ကျနော်မျင်တယ်။

အဓိကတော့ နအဖရဲ့ သူတို့ ပြောပြောနေတဲ့ အဆင့် (၇)  ဆင့်ရှိတဲ့ လမ်းပြမြေပုံကို အဓမ္မဆက်ပြီးအကောင်အထည်ဖော်ဖို့တွက် ကျိုးစားတဲ့  လုပ်ရပ် တခု ဖြစ်တယ်လို့ ကျနော်အဲလိုပဲ မြင်တယ်။

ပထမအချက်အနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အခြေအနေ၊ အမှုရင်ဆိုင်နေရတဲ့ အခြေ  အနေမှာ ကျနော်တို့ ပါတီအပါအဝင် နိုင်ငံရေးအင်အားစုတွေအနေနဲ့က  ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ကိစ္စ၊ နိုင်ငံရေး  အကျဉ်းသားတွေအားလုံးပြန်လွတ်ဖို့ကိစ္စကို ကိုယ်တတ်နိုင်တဲ့ဘက်က  ရုန်းဖို့လိုတယ်။ ဆက်ပြီးတော့ ဆောင်ရွက်ဖို့လို တယ်လို့ ကျနော်တော့  အဲလိုယူဆတယ်။

နှစ်အချက် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့  ပြတ်ပြတ်တင်းတင်း ထောင်ချမယ်ဆိုရင်လည်းပဲ အဲဒီထောင်ချတဲ့ နေ့မှာ ပြည်တွင်း၊  ပြည်ပ နိုင်ငံရေးအင်အားစုတွေအနေနဲ့ နအဖရဲ့ ဆောင်ရွက်ချက်တွေကို  ဆန့်ကျင်တဲ့အနေနဲ့ ဝိုင်းဝန်း ပြီးတော့ ကန့်ကွက်ရှုံ့ချဖို့ လိုတယ်လို့  ကျနော် မြင်တယ်။

သုံးအချက်က လက်ရှိအခြေအနေ  တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ဆိုတဲ့ ကိစ္စမှာ ပြည်တွင်းမှာရှိတဲ့  နိုင်ငံရေး အင်အားစုတွေရဲ့ ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းမှာရှိတဲ့  ပြည်သူလူထုတွေရဲ့ ဆောင်ရွက်နိုင်မှုက အရေးကြီးတယ်လို့ ကျနော် မြင်တယ်။  ဒါကြောင့် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့  ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုက အဓိကကျဆုံးဖြစ်တယ်။ ကျနော်တို့  တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့အတွက်ကို အဲဒီတော့ ကျနော်တို့က အားစိုက်  ဆောင်ရွက်သင့်တယ်လို့ ကျနော်တော့ အဲလိုယူဆပါတယ်။

ကျနော့်အမြင်ပြောရရင်  ကနေ့ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ကြိုက်နှစ်သက်ခြင်း  မရှိဘူး။ လက်ခံခြင်း မရှိဘူး။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို  ထိန်းသိမ်းလိုက်တဲ့ အပေါ်မှာလဲ ပြည်သူအများစုရဲ့ ဆန္ဒကတော့  လုံးဝလက်ခံနိုင်ခြင်းမရှိဘူးလို့ ကျနော်အဲလိုပဲ မျင်ပါတယ်။  ပြည်သူလူထုအနေနဲ့ သိရှိမှု၊ အာရုံစိုက်မှုလဲ ရှိတယ်လို့ ကျနော်ယုံပါတယ်။

x x x x x

အဓိကအားလုံးရဲ့  ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီတိုင်းပဲ နအဖ  ဆက်လုပ်နေမယ်ဆိုရင် အဲဒီဟာကို လက်မခံဖို့နဲ့ အဲဒီဟာကို အကောင်အထည်ဖော်ဖို့  ၂၀၁၀ ရွေးကောက်ပွဲကို အသိ အမှတ်မပြုဖို့ အတွက် ကျနော်တို့  ဆက်ကြိုးပမ်းသွားမယ်။

ဒေါက်တာနိုင်အောင် (မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု – FDB)

ပထမ  တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ  မပါအောင်လုပ်ဖို့ ကြိုးစားတဲ့ ကြိုးစားချက်လို့ ကျနော် မြင်ပါတယ်။

ဒုတိယ  တခုအနေနဲ့ NLD ကနေပြီးတော့ ကမ်းလှမ်းထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ  မတိုင်ခင်မှာ Constitution အပေါ်မှာ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေး  ပြန်လည်သုံးသပ်ရေးအတွက်ကို  တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆိုတဲ့ဟာကို  ငြင်းပယ်လိုက်တဲ့ ဥစ္စာလို့လဲ ယူဆပါတယ်။ နောက်  အတိုက်ခံအင်အားစုတွေအားလုံးကလဲ ပြောနေတဲ့ အမျိုးသား  ပြန်လည်သင့်မြန့်ရေ်းကိုလဲ ငြင်းပယ်ပြီးတော့မှ သူတို့ အနေနဲ့  စစ်အာဏာရှင်စနစ်ကို ပိုပြီးတော့ သက်ဆိုး ရှည်အောင်လုပ်မယ့် ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်သွားမယ့် ရွေးကောက်ပွဲကို  ဆက်လုပ်ဖို့ ကြိုးစားတယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျာ။

အဓိကကတော့  ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုင်ရာ  လူထုလှုပ်ရှားမှုတွေကို ကျနော်တို့ တတ်နိုင်သမျှ ကျနော်တို့ကြိုးစားသွားမယ်။  နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ကို လက်မခံတဲ့  လှုပ်ရှားမှုတွေကို ကျနော်တို့ ဆက်ကြိုစားသွားမယ်။ နိုင်ငံတကာမှာ  ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လို့များ အပြစ်ပေးအရေးယူလာလို့ ရှိရင်  နိုင်ငံတကာအနေနဲ့ ပိုပြီးတော့ထိရောက်တဲ့ ပစ်မှတ်ထားပြီးဆောင်ရွက်တဲ့  ပိတ်ဆို့အရေးယူမှုတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ ကြိုးပမ်းသွားမယ်။  နောက်ပြီးတော့ ကုလသမ္မဂလုံခြုံရေးကောင်စီ အဆင့်ကနေပြီးတော့မှ  ဗမာပြည်တွင်းကို အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာအောင် ကျနော်တို့ ဆက်ပြီးတော့  ကြိုးပမ်းသွားမယ်။ အဓိကအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ  ဥပဒေကို ဒီတိုင်းပဲ နအဖ ဆက်လုပ်နေမယ်ဆိုရင် အဲဒီဟာကို လက်မခံဖို့နဲ့  အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို အသိ အမှတ်မပြုဖို့  အတွက် ကျနော်တို့ ဆက်ကြိုးပမ်းသွားမယ်။

သာမာန်နေ့စဉ်  စားဝတ်နေရေးရုန်းကန်နေရတဲ့ ပြည်သူတွေအနေနဲ့ကတော့ ဒီကိစ္စကို  နိုင်ငံရေးကိစ္စတွေအပေါ်မှာ အချိန်ပြည့်ဖြစ်နိုင်ဖို့ အတွက်ခက်နိုင်ပါတယ်။  ဒါပေမဲ့ ကျနော်တို့ တွေ့နေရတဲ့ အခြေအနေတွေအရ ပြောရမယ်ဆိုရင်တော့  ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က  ပြည်သူတွေ ရင်ထဲမှာရောက်နေပြီးသား ခေါင်းဆောင်တစ်ဦးဖြစ်နေတဲ့ အခါကြတော့  ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးတော့ စိတ်ဝင်စားမှုတွေ၊  နားထောင်မှုတွေ၊ လေ့လာမှုတွေ၊ အာရုံစူးစိုက်မှုတွေ ရှိတယ်လို့တော့ ကျနော်တို့  ယူဆပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးတော့  လူထုလှုပ်ရှားမှုလို့ပြောမယ်ဆိုလို့ရှိရင် အဲဒီအနေ အထားကတော့ အများကြီး  ကြိုးစားရဦးမယ် လို့ ကျနော်ထင်ပါတယ်။

x x x x x

အခြေခံကျတဲ့  ကိစ္စ တခုပြောမယ် အိမ်ရှင်နဲ့ သူခိုး၊ သူခိုးအိမ်ထဲကို ဝင်လာရင်ဘာကြောင့်  သူခိုးကို မဖမ်းတာလည်း အဲဒီ သူခိုးကို စောင့်ရှောက် ဖို့ တာဝန်ရှိတဲ့  နိုင်ငံတော်ရဲ့ လုံခြုံရေးကိုတာဝန်ယူ လစာ ရိက္ခာ တွေစားထားတဲ့ သူတွေဘာလို့  တာဝန်ပျက်ကွက် ကြတာလည်း။ အဲဒီ အချက်ပေါ့ အဲဒီမှာလဲ တာဝန်ရှိတဲ့သူတွေ  တာဝန်ပျက်ကွက်တဲ့သူတွေကို ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်နေတာကို လုံးဝမတွေရဘူး။

ကိုမောင်မောင်လေး (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် – HRDP)

ဒီမှာက  ရေဘူယျခြုံပြောရင်တော့ဗျာ ဒါ လူ့အခွင့်အရေးကို  ပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်တဲ့ ကိစ္စပဲ။ ဥပဒေ ဆိုင်ရာ အခွင့်အရေးတွေကို  လုံးဝဆုံးရှုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်  ချိုးဖောက်မှုဆိုတဲ့ ကိစ္စနဲ့ စွဲတာကို အဲဒီတော့  နေအိမ်အကျယ်ချုပ်ဘာကြောင့်ကျရတုန်းဆိုတာကို ကျနော်တို့ ဒီမှာ  ဥပဒေအပိုင်းကနေ ကျနော်တို့ နည်းနည်း စီစစ်ဖို့လိုလိမ့်မယ်။ အဲဒီတော့ ၂၀၀၃  ကို ပြန်သွားရလိမ့်မယ်ဗျ။ အဲဒီတော့ ၂၀၀၃ မှာပေါ့ဗျာ၊ ဥပဒေဆိုင်ရာ  ပုဒ်ထီးပုဒ်မတွေနဲ့ ကျနော်မပြောဘူး၊ အင်မတန် သဘာဝကျတဲ့ ဥပဒေပုဒ်မတွေနဲ့  ကျနော်ပြောမယ် အကြမ်းဖက်ခံရသူနဲ့ အကြမ်းဖက်သတ်ခံရသူ အသတ်ခံရသူ  အရိုက်ခံရသူနဲ့ ရိုက်တဲ့လူ အဲဒီမှာ ဥပဒေအကြောင်းရ ကျနော်တို့  ဘယ်လိုစီစဉ်ရမယ် သေချာတာတစ်ခုကတော့ ၂၀၀၃ ဖြစ်စဉ်က အကြမ်းဖက်ခံရသူတွေကို  ဖမ်းဆီးတဲ့ပွဲဖြစ်တယ် ။

နောက်တစ်ချက်က အသတ်ခံရတဲ့သူတွေနဲ့  အရိုက်ခံရတဲ့ သူတွေကို ဖမ်းဆီးအရေးယူ ထိန်းချုပ်တဲ့ ပွဲဖြစ်တယ်။ အဲဒီတော့  အဲဒီဖြစ်စဉ်မှာကိုက ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ဥပဒေအရ လုပ်မယ်ဆိုရင်  ကျနော်တို့ အကြမ်းဖက်တဲ့သူနဲ့ အကြမ်းဖက်ခံရတဲ့သူ အကြမ်းဖက်တဲ့သူတွေ  ဘာကြောင့် ဥပဒေနဲ့အညီ ရုံးတော်ကို မတင်လာတာလဲ နောက်ထပ်ဖြစ်စဉ်မှာလဲ  ဒေါ်အောင်ဆန်း စုကြည်ရဲ့နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုပေါ့ဗျာ ဒီမှာလဲကျနော်  ပုဒ်ထီး၊ ပုဒ်မတွေပ် မပြောလိုဘူး အခြေခံကျတဲ့ ကိစ္စ တခုပြောမယ် အိမ်ရှင်နဲ့  သူခိုး၊ သူခိုးအိမ်ထဲကို ဝင်လာရင်ဘာကြောင့် သူခိုးကို မဖမ်းတာလည်း အဲဒီ  သူခိုးကို စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ နိုင်ငံတော်ရဲ့  လုံခြုံရေးကိုတာဝန်ယူ လစာရိက္ခာတွေစားထားတဲ့ သူတွေဘာလို့ တာဝန်ပျက်ကွက် ကြတာ  လည်း အဲဒီ အချက်ပေါ့ အဲဒီမှာလဲ တာဝန်ရှိတဲ့သူတွေ တာဝန်ပျက်ကွက်တဲ့သူတွေကို  ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်နေတာကို လုံးဝမတွေရဘူး။

ဒါ  ဥပဒေအကြောင်းအရ ပုဒ်ထီး၊ ပုဒ်မတွေအရ မသိပဲ အင်မတန်မှ သဘာဝကျသော လူမှု တရား  ရှုထောင့်ကကြည့်ရင် ဒီလိုဖြစ်စဉ်မှ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို လုံးဝ  ချိုးဖောက်ခံရတာ ဖြစ်တယ်။ လက်ရှိ ဖြစ်စဉ်တွေကို ကျနော်တို့ ကြည့်မယ်ဆိုရင်  ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေဆိုင်ရာအခွင့်အရေး ကာကွယ်ပိုင်ခွင့်  အပြည့်အဝမရဘူး အဲဒီ အနေအထားမျိုးမှာ ကျနော်တို့က ဒါ ဥပဒေချိုးဖောက်မှုပဲလို့  ကျနော်တို့ မြင်တယ်။ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ခံစားပိုင်ခွင့်  မရှိဘူး ပြည်တွင်းမှာ ဥပဒေ မရှိဘူး ဥပဒေ မဲ့နေတယ်ဆိုတာကို ပြတာပါ။

ကျနော်တို့  ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်တယ် ဆိုတာထက်ပေါ့နော် တစ်ချက်  ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်ယောက်လို့ ကျနော်တို့ မြင်ပါတယ်။  အင်မတန်မှ ပြည်တွင်းက လက်ခံသော လူထုက ချစ်ခင်သော နိုင်ငံတကာက လက်ခံသော  ပြည်တွင်းရဲ့ တိုးတက်မှုတွေကို လုပ်ပေးနိုင်လိမ့်မယ် ပြည်တွင်းရဲ့ စည်းလုံး  ညီညွတ်မှုကို လုပ်ပေးနိုင်လိမ့်မယ်ဆိုတာကို ပြည်တွင်းရော ပြည်ပကပါ အားထားတဲ့  ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စဉ်မှာလဲ အခုနက ပြောသလိုပေါ့ ဥပဒေနဲ့  မမျှတစွာလုပ်ခဲ့တဲ့ ကိစ္စ ကျနော်တို့ဘက်ကတော့ ဒီ ကိစ္စတွေကို  ပြင်းပြင်းထန်ထန် ရှုံ့ချ ရမယ်။

နောက်ဆက်တွဲ ဘာတွေလုပ်မလဲ  ဆိုတာကတော့ ကျနော်တို့မှာ HRDP နဲ့ လုပ်တဲ့ ကိစ္စကလဲ နည်းပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကိုယ်တိုင်  လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အကြောင်းတွေ ပြင်းပြင်းထန်ထန်  ချိုးဖောက်ခံရတဲ့ အကြောင်းတွေသိတယ် ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတဲ့  ချက်လက်တွေရှိတယ်  သို့သော် တရားရုံးတွေမရှိဘူး၊ စစ်တပ်တွေမရှိဘူး  အဲဒီအတွက်သူတို့မှာ လုပ်ပိုင်ခွင့်တွေနည်းပါတယ်။ အလားတူ ကျနော် တို့  ပြည်တွင်းမှာ HRDP အနေနဲ့လုပ်တဲ့ အခါမှာ ဘာလုပ်နိုင်မလဲ ဘာဆက်လုပ်မလဲ  ဆိုတာကိုလှုပ်ရှားမှုအရ ကျနော်တို့ လုပ်နိုင်မှုနည်းပါတယ်။ ဒါပေမဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုခံရတဲ့ ကိစ္စတွေကို စာတမ်းတစ်စောင်ပြုစုပြီးတော့  နိုင်ငံတကာ လူ့အခွင့်အရေးဖွဲ့စည်းတွေကို သိရှိအောင်ပြင်ဆင်နေတာ ရှိပါတယ်။

ကျနော်တို့  အခုမှ ရှင်းလင်းတင်ပြတာမဟုတ်ပါဘူး။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို  နေအိမ်အကျယ် ချုပ်နဲ့ စပြီးတော့ ချိုးဖောက်တယ်လို့ တရားစွဲဆိုတဲ့  နေ့ကပေါ့နော် အတိကျပြောရရင် ၁၆ ရက်နေ့ကပေါ့နော် ဒေသပေါင်း ၁၆ ခု  မြို့နယ်နဲ့ ပြောရင် ၁၆ မြို့နယ် ၊ ကျေးလက်ဒေသတွေ အများကြီး သွားထားပါတယ်။

ကျေးလက်ဒေသတွေမှာ  ကျနော်တို့ ဘာတွေ နှိုးဆော်လဲဆိုရင် ကျနော်တို့  လူ့အခွင့်အရေးသမားဖြစ်တဲ့အတွက်ကြောင့် လူ့အခွင့်အရေး အခြေခံပြီး ဘေးကနေပြီး  ဥပဒေအကြောင်းဆိုင်ရာမဲ့တဲ့ ကိစ္စတွေ ကျနော်အခုနက ပြောသလိုပဲ  ဒေါ်အောင်ဆန်းစုကြည် ထောင်ကျ သွားရင် ဘာဆက်လုပ်မလဲ ဆိုတဲ့ ကိစ္စတွေ  ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျသွားပြီ ဆိုမှ မဟုတ်ပါဘူး  ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချိုးဖောက်တယ်ဆိုပြီး  ရုံးတင်စဉ်ကတည်းက စပြီး လူ့အခွင့်အရေးရဲ့ ဖြစ် စဉ် ဒေါ်အောင်ဆန်းစုကြည်  ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေဆိုင်ရာ ချိုးဖောက်ခံရမှုတွေအမျိုးသမီးဆိုင်ရာ  အခွင့်အရေး ချိုးဖောက်ခံရမှုတွေ နောက်တခါ အခြေခံ လူ့အခွင့်အရေးနဲ့ ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်တစ်ခါ အခြေခံ လူ့ အခွင် အရေးနဲ့ ၂၀၁၀  ပြုလုပ်လိမ့်မည်ဆိုသော ရွေးကောက်ပွဲ ကိစ္စတွေ အဲဒီမှာ ကျနော်တို့  လူ့အခွင့်အရေး အခြေခံတွေ ဘယ်လောက် ကင်းမဲ့စွာသင့်တင့်ခံနေရလဲ  လူ့အဖွဲ့အစည်းပေါ်မှာ ဘယ်လောက် အာမခံချက်တွေ ကင်းမဲ့နေတယ် ဆိုတာ ကို  ကျနော်တို့ နယ်မြို့တွေမှာ ကျနော်တို့ ၁၆ ရက်နေ့ကတည်းက  သွားပြီးဆောင်ရွက်နေပါတယ်။

ဒေသအသီးသီးမှာ HRDP ကို တာဝန်ယူနေတဲ့  သူတွေကို ကျနော်တို တိုင်ပင်ထားပါတယ်။ ရှေ့ဆက်ထောင်ကျသွားပြီးတဲ့နောက်မှာလဲ  ကျ နော်တို့ လူ့အခွင့်အရေးဥပဒေဆိုင်ရာနဲ့ ပတ်သက်လို့ သော်လည်းကောင်း  အမျိုးသမီးအဖွဲ့အစည်းနဲ့ ပတ်သက်လို့ သော် လည်းကောင်း တင်ပ်ြဖို့  ကျနော်တို့ စာတမ်းတစောင်ပြုစုနေပါတယ်။ အဲဒီ ကိစ္စတွေကိုလဲ ကျနော်တို့  ရှေ့ဆက်ပြီးတော့ ပြည်သူ့ကို ဗမာပြည်တွင်းမှာ လူ့အခွင့်အရေးဘယ်လောက်  ချိုးဖောက်ခံနေရလဲ ဘယ်လောက် ချိုးဖောက်ခံရ နိုင်ဖွယ်ရှိ တယ် ဆိုတာကို  လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ  သော်လည်းကောင်း၊ ဥပဒေအနေနဲ့ သော်လည်းကောင်း တတည်ပြုပြဌာန်းပြီးတော့  သော်လည်းကောင်း အကာအကွယ်မဲ့ ဆက်လက်ဖြစ်နေတဲ့ ကိစ္စတွေကို ကျနော်တို့ လူထုကို  ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်အသိပေးသွားမှာ ဖြစ်ပါတယ်။

x x x x x

ဒေါက်တာ စင်သီယာမောင်အား မယ်တော်ဆေးခန်း အနှစ် (၂၀) ပြည့်နှင့်စပ်လျဉ်း၍ မေးမြန်းခြင်း
အနှစ် (၂၀) ကာလအတွင်းမှာ ဒီဆေးခန်းကို  ဦးဆောင်နေတဲ့ ဆရာမအနေနဲ့  ဘာတွေကို အကောင်းဆုံး  လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို အရင်ပြောပြပေးပါ။

ကျမတို့လုပ်ဆောင်နိုင်ခဲ့တဲ့  အတိုင်းအတာမှာတော့ အခြေခံအကျဆုံး ပြောမယ်ဆိုရင်တော့ မိခင်တွေ  လုံခြုံစိတ်ချရတဲ့ နေရာမှာ ကလေးမွေးဖွားခွင့် ရရှိဖို့တို့၊ နောက်ပြီး  အဓိကဖြစ်နေတဲ့ ငှက်ဖျားရေဂါတွေကို ကုသပေးနိုင်တာတွေ၊ နောက်ပြီးတော့  တချိန်တည်းမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒီ … စိတ်ပိုင်းဆိုင်ရာ  ရုပ်ပိုင်းဆိုင်ရာပေါ့နော် ဒုက္ခိတဖြစ်မှုတွေကို ခြေတုလက်တုဌာနတွေက  တတ်ဆင်ပေးတာ၊ နောက်တော့ အသက်ကြီးရွယ်အိုတွေ၊ မမြင်မကန်းဖြစ်နေသူတွေကို  မျက်စိအလင်းပြန်ရအောင် လုပ်ပေးနိုင်တာပေါ့နော်၊ ဒါတွေက ကျမတို့ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေပေါ့၊

တချိန်တည်းမှာပဲ  ကျမတို့ လူထုတွေကိုယ်တိုင်ကနေပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့  လူမှုစောင့်ရှောက်ရေးကိစ္စတွေကို စုစည်းဆောင်ရွက်ခြင်းအားဖြင့် လူမှုအခြေပြု  အဖွဲ့အစည်းတွေကနေပြီးတော့ ကျမတို့ကို တတတ်တအားနဲ့  နိုင်ငံရဲ့ဖွံ့ဖြိုးရေးတွေ၊ နိုင်ငံပြန်လည်တည်ထောင်ရေးတွေမှာ  ပါဝင်နိုင်တယ်ဆိုတာကိုလည်း အားလုံးက အသိအမှတ်ပြု လက်ခံလာကြတယ်၊  ယုံကြည်လာကြတဲ့ အတွက်ကြောင့် ဒါတွေက ဒီဖြတ်သန်းမှုမှာ အောင်မြင်မှုတခုလို့  ပြောလို့ရပါတယ်။

ဒီအောင်မြင်မှုအပေါ်မှာ  အခြေခံပြီးတော့ အနာဂတ်မှာ ဆရာမတို့အနေနဲ့ ဘာတွေကို အကောင်းဆုံး  လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲခင်ဗျား။

အနာဂတ်ကာလမှာ  ဆောင်ရွက်နိုင်ဖို့ကကျတော့ ကျမတို့ တဦးချင်းစီရဲ့ တာဝန်ရှိမှုတွေနဲ့  စုဖွဲ့မှုတွေရဲ့ တန်ဖိုးတွေကို ပိုပြီးတော့ တန်ဖိုးထားလာဖို့၊  တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး  ပြောင်းလဲမှုမှာ ကျမတို့ နိုင်ငံသားတွေအနေနဲ့  အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်စေ၊ နိုင်ငံတကာနဲ့ဖြစ်စေ၊ တခြားသော  တိုင်းရင်းသားအဖွဲ့အစည်း၊ ဒီမိုကရေအဖွဲ့အစည်းများနဲ့  ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒါ့ထက်ပိုပြီးတော့ နီးနီးကပ်ကပ်နဲ့ စုစုစည်းစည်း  ဆောင်ရွက်နိုင်ဖို့ ကျမတို့ ဆက်လက် ကြိုးစားသွားမှာဖြစ်ပါတယ်။

ဒီနေ့ဆိုရင်  ဆေးခန်းဟာ အနှစ် (၂၀) ကာလရှိသွားပြီပေါ့နော်၊ အဲဒီတော့ ဒီနေ့ဒီချိန်ခါမှာ  ဆရာမအနေနဲ့ ရင်ထဲမှာရှိတဲ့စကား ဘာများပြောချင်ပါသလဲခင်ဗျား။

ကျမတို့  ဒီနယ်စပ်ကို ရောက်ရှိလာတဲ့အချိန်မှာလဲ … အထဲမှာရှိတုန်းက၊  ပြည်တွင်းမှာရှိတုန်းကပေါ့နော်၊ လွန်ခဲ့တဲ့ အနှစ် (၂၀) မှာ  ကျမတို့ပြည်သူလူထုတွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေ၊ ခွဲခြားဆက်ဆခံရံမှုတွေကို  အခြေခံပြီးတော့ မခံချင်စိတ်တွေနဲ့ ဒီကို ရောက်ရှိလာကြတယ်၊ သို့သော်လည်း  အရေးပေါ်တွေ့ကြုံရတဲ့ လက်ရှိအခြေအနေမှာရှိတဲ့ ကျမတို့  လုပ်ဖေါ်ကိုင်ဖက်တွေနဲ့၊ စိတ်ဓါတ်ခွန်အားတွေနဲ့ပဲ အခြေပြုပြီးတော့  ကူညီပံ့ပိုးတဲ့ အသိုင်းအဝိုင်းတွေနဲ့ ကျယ်ပြန့်လာအောင် ဆောင်ရွက်ပြီးတော့  ဒီထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ ကြိုးစားနိုင်ခဲ့ကြတယ်။

အစကတော့  ထိုင်းနိုင်ငံဟာ ကျမတို့ရဲ့ ယာယီခိုနားရာ နေရာတခုအနေနဲ့ပဲ ထင်ခဲ့တယ်၊  လက်ရှိမှာတော့ ကျမတို့ အနှစ် (၂၀) ဖြတ်သန်းမှုမှာ ဒါ့ထက်ပိုပြီးတော့  ဆိုးရွားတဲ့ လူထုတွေရဲ့ ပြဿနာတွေကို ပိုမြင်ရတဲ့အတွက်ကြောင့်  စိတ်မကောင်းစရာတွေတော့ အများကြီးဖြစ်ပါတယ်၊ သို့သော်လည်း ကျမတို့  တဦးချင်းစီရဲ့တာဝန်ရှိမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တန်ဖိုးတွေကို  ပိုပြီးတော့ သိနားလည်လာကြ တယ်လို့လည်း ယုံကြည်ပါတယ်၊ အဲဒီအပေါ်မှာ ကျမတို့  ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဟာ တဦးချင်းစီရဲ့ တာဝန်ရှိမှုနဲ့ အရည်အသွေး  မြင့်မားမှုတွေကိုလည်း ဆက်လက်ကြိုးစားသွားမှာဖြစ်သလို စုဖွဲ့မှုတွေကို  တန်ဖိုးထားပြီးတော့ ကျမတို့ ညီညီညာညာ ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့လည်း  ယုံကြည်ပါတယ်။

တနှစ်တာအတွင်းမှာ  ဆရာမတို့အနေနဲ့ လူနာဦးရေ ဘယ်လောက်ကို ဆေးဝါးကုသမှုတွေ ပေးခဲ့ပါသလဲ၊  အဲဒီအထဲမှာ ဘယ်လိုလူနာမျိုးတွေ ပါသလဲ၊  မြန်မာပြည်အတွင်းပိုင်းက  လူနာဘယ်လောက် လာရောက်ကုသပါသလဲ။

ဆေးခန်းစတည်ထောင်တဲ့အချိန်မှာ  ကျမတို့ ကုသပေးတဲ့ လူနာအရေအတွက်ကတော့ ၁၇၀၀၊ ၁၈၀၀ ပတ်ဝန်းကျင်လောက်  ရှိတယ်ပေါ့။ ဒီ ၂၀၀၈ ခုနှစ်ရဲ့စာရင်းအရ လူနာအရေအတွက်အရဆိုရင်တော့  ရှစ်သောင်းကျော် ရှိပြီးတော့ ရောဂါအရဆိုရင်တော့ ကိုးသောင်းကျော်  တသိန်းနီးပါးလောက် ကုသပေးနိုင်တယ်။ အဲဒီအထဲမှာ အဓိကဖြစ်တဲ့  ငှက်ဖျားရောဂါနဲ့ကတော့ ခုနှစ်ထောင်လောက် ရှိတယ်၊ နောက် ကျမတို့  ကလေးမွေးဖွားပေးတဲ့ မိခင်များကတော့ နှစ်ထောင့်ခြောက်ရာလောက် ရှိပြီးတော့  ခြေတုလက်တုကတော့ နှစ်ရာကျော် ကျမတို့ တပ်ဆင်ပေးခဲ့တယ်၊ ဒီ ၂၀၀၈  ခုနှစ်မှာထဲမှာပဲ မျက်စိခွဲတဲ့ လူနာကလည်း ခြောက်ရာနီးပါးလောက် ရှိခဲ့ပါတယ်။

ဒီလိုမျိုး  နေ့စဉ်နဲ့အမျှ လာရောက်ပြီးတော့ ဆေးဝါးကုသတဲ့ လူနာတွေကို ကြည့်မယ်ဆိုရင်  တဖြေးဖြေးနဲ့ကတော့ ပြည်တွင်းထဲက လာတဲ့သူတွေက ၅၀% လောက်ထိ ရှိလာတာကို  တွေ့ရတယ်၊ အထူးသဖြင့် ငှက်ဖျားရောဂါဟာဆိုလို့ရှိရင် ၇၀% လောက်က  ပြည်တွင်းထဲက လာတာဖြစ်ပြီးတော့ ခွဲစိတ်ကုသဖို့လာတဲ့ လူနာ ၈၀% လောက်အထိက  ပြည်တွင်းထဲက လာတာဖြစ်တယ်။

ဒီလောက်များတဲ့ လူနာအရေအတွက်ကို ကုသပေးဖို့အတွက် ဆေးဝါးနဲ့ ရန်ပုံငွေတွေကို ဆရာမတို့ ဘယ်လိုပုံစံနဲ့ ရှာဖွေပါသလဲ။

ဆေးဝါးရရှိဖို့တို့၊  စားနပ်ရိက္ခာ လုံလုံလောက်လောက်ရရှိဖို့၊ နေရာထိုင်ခင်းတွေ  လုံလုံလောက်လောက်ရရှိဖို့တို့ ဆိုတွေတာကတော့ ကျမတို့အတွက် အမြဲတမ်း  ရုန်းကန်နေရတဲ့ အခက်ခဲတွေဖြစ်ပါတယ်။ အထူးသဖြင့်တော့ နေ့စဉ်နဲ့အမျှ လူနာ၊  လူနာစောင့်နဲ့ (မိဘတွေနဲ့ အတူမနေရတဲ့) ကလေးများအတွက် ရိက္ခာတွေ  ကူညီပံ့ပိုးတဲ့ အစီအစဉ်က တလကို လူ ၅၀၀၀ စာလောက်ကို ကျွေးမွေးရတဲ့  အစီအစဉ်မျိုးရှိသလို လူနာအခြေအနေကလည်း တနှစ်တနှစ်ကို  ပုံမှန်တိုးလာနေတဲ့အတွက်ကြောင့် ပုံမှန်ရရှိတဲ့ အကူအညီတွေနဲ့က လူဦးရေရဲ့  ၆၀% လောက်ပဲ လက်လှမ်းမှီပါတယ်။

ကျန်တဲ့ ၄၀% ကတော့ ကျမတို့  နိုင်ငံတကာကနေ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကနေပြီးတော့ သူတို့က  အွန်လိုင်းဒိုနေရှင်း (online donation) ကနေတဆင့် လှူဒါန်းတဲ့ပေါ်မှာ  ကျမတို့က အရေးကြီးဆုံးနေရာတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါတယ်။  ကျန်းမာရေးဆိုင်ရာမှာဖြစ်စေ၊ စားနပ်ရိက္ခာပိုင်းဆိုင်ရာမှာဖြစ်စေ  အခြေခံကျဆုံးပိုင်းတွေလောက်ကိုပဲ ကျမတို့ ဆောင်ရွက်ပေးနိုင်ပါတယ်၊  ဒါ့ထက်ပိုပြီး ပြည့်ပြည့်ဝဝ စုံစုံလင်လင်ကိုတော့ ကျမတို့  ဆောင်ရွက်မပေးနိုင်သေးပါဘူး၊ အထူးသဖြင့်တော့ မဲဆောက်ဆေးရုံကြီးကို  လွှဲပြောင်းပေးရမယ့် လူနာအခြေအနေမျိုးတွေ၊ ဒါမှမဟုတ် ကလေးများအတွက် အာဟာရ  ပြည့်ဝလုံလောက်ဖို့ ဆိုတဲ့ အခြေအနေအားလုံးကို လက်လှမ်းမှီအောင်တော့ ကျမတို့  မလုပ်ပေးနိုင်သေးပါဘူး။

ဆေးခန်းစတည်ထောင်ခါစတုန်းက ထောင်ဂဏန်းကနေပြီးတော့ အခု အနှစ် (၂၀) ကြာတဲ့အချိန်မှာ သိန်းဂဏန်းအထိ လူနာဦးရေများလာတာ ဘာကြောင့်ပါလဲ။

ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့  ဗမာပြည်သူလူထုတွေရဲ့ အခြေအနေကတော့ အရင်ထက်စာရင် ပိုပြီးတော့ဆိုးလာတာ  တွေ့ရပါတယ်၊ အရင်တုန်းကတော့ အလုပ်လုပ်ဖို့လာတဲ့ လူတွေလောက်ပဲပေါ့နော်၊  နောက်ပိုင်းကျတော့ မိသားစုအလိုက် လာကြတာတွေ့ရသလို အခု ဒီ ၂၀၀၅  ခုနှစ်နောက်ပိုင်းလောက်မှာဆိုရင်တော့ တချို့တွေက ရွာတွေကို အပီးအပိုင်  စွန့်ခွါလာကြတဲ့အဆင့်ထိ တွေ့ရတဲ့အတွက်ကြောင့် သူတို့အနေနဲ့   ပြန်ဖို့ဆန္ဒရှိကြရင်တောင် ဘယ်ချိန်ပြန်မလဲဆိုတဲ့ မျှော်လင့်ချက်တွေတောင်  မထားနိုင်တဲ့ အခြေအနေတွေကိုလည်း တွေ့ရတာပေါ့နော်။

နောက်ပြီးတော့  ပြည်တွင်းထဲကလာတဲ့ လူနာတွေအနေနဲ့ကျတော့လည်း ဆေးဝါးလာရောက်ကုသတဲ့အခါမှာ  စောစောစီးစီးကို သူတို့ မလာနိုင်ကြသေးပါဘူး၊ အထူးသဖြင့်တော့  လမ်းခရီးစရိတ်အခက်အခဲ၊ လုံခြုံရေးအခက်အခဲတွေ ကြောင့်ပေါ့နော်၊ သူတို့က  တအားကြီး ရေဂါပြင်းထန်မှ လာရတာမျိုး တွေ့ရတယ်၊ ဆိုတော့  ရောဂါချင်းနှိုင်းယှဉ်လို့ရှိရင် ပိုပြီးတော့ ဆိုးရွားတဲ့ ရောဂါတွေ၊  ပိုပြီးတော့ ရှုပ်ထွေးတဲ့ ပြဿနာတွေက ပြည်တွင်းထဲကလာတာ တွေ့ရတာပေါ့။

အဲဒီလို  လူနာတွေ တနှစ်ထက်နှစ် တိုးလာတဲ့ကိစ္စကျတော့ ဘယ်လိုကိစ္စမျိုးတွေအပေါ်မှာ  အခြေခံပြီးတော့ ဖြစ်ပေါ်လာရတယ်လို့ ဆရာမအနေနဲ့ ယူဆရပါသလဲ။

ဒီလို  လူနာတိုးပွားလာတယ်ဆိုတဲ့ အကြောင်းကတော့ ကျန်းမာရေး  စောင့်ရှောက်မှုအရပေါ့နော်၊ ပြည်တွင်းထဲမှာဖြစ်စေ၊  ထိုင်းနိုင်ငံမှာပဲဖြစ်စေ၊ အထူးသဖြင့်တော့ ဆင်းရဲနွမ်းပါးတဲ့ လူတွေအတွက်၊  သို့မဟုတ် အတည်တကျ နေထိုင်ရတဲ့ ပြည်သူတွေအတွက်သာမကဘူး၊  ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ အချိန်မှာတောင်မှ ကျမတို့အတွက်  ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝ မခံယူနိုင်တဲ့အတွက်ကြောင့်၊  လုံလုံလောက်လောက် မရရှိမှုအတွက်ကြောင့် ဒီဘက်ထိကို ရောက်ရှိလာတာလဲဖြစ်သလို၊  ဒီနယ်စပ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ  ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ များလာတယ်၊ လုပ်ငန်းတွေ  တိုးချဲ့လာတဲ့အခါမှာ ဒီလို လုပ်ငန်းတခုကို တိုးချဲ့လာတိုင်း၊  လုပ်ငန်းတခုကို တည်ဆောက်တိုင်းမှာ ဒီလုပ်ငန်းအပေါ်မှာ ဒီဝန်ဆောင်မှုပေါ်မှာ  ခံယူဖို့ လူတွေကလည်း အဆင်သင့်ရှိနေတယ်ဆိုတာကို ပြောလိုက်တာပါပဲ၊  ဥပမာအားဖြင့် မိဘမဲ့ကလေးကျောင်းတကျောင်း ဖွင့်လိုက်ရင်လည်း  ကလေးတွေအများကြီး ရောက်လာမှာပဲ၊ ငှက်ဖျားဌာနဖွင့်ရင်လည်း  ငှက်ဖျားရောဂါသည်တွေ ရောက်လာမယ်၊ ခြေတုလက်တုဌာနဖွင့်လိုက်ရင်လည်း  ခြေတုလက်တု လာတပ်ကြမယ်ဆိုတော့ ကျမတို့နိုင်ငံရဲ့ အခြေနေကတော့ လိုအပ်တဲ့  ဝန်ဆောင်မှုတွေ၊ လူမှုထောက်ပံ့မှုတွေအားလုံးက ကျမတို့ပြည်သူလူထုတွေအတွက်  ဘာမှမရှိဘဲနဲ့ ဆိတ်သုဉ်းနေတယ်ဆိုတာ ပြနေတာပါပဲ။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) မှ ကိုစောဗန်ကူးနှင့် ဆက်သွယ်မေးမြန်းချက်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးတွင် ပြဌာန်းထားသည့်  လူ့အခွင့်အရေးပါ အချက်များကို ကမ္ဘာ့နိုင်ငံအများစုက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ  (၁၀) ရက်နေ့တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။

မြန်မာနိုင်ငံသည်  လူ့အခွင့်အရေး ကြေညာစာတမ်းကြီး အတည်ပြုသည့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သည့်  နိုင်ငံအဖြစ် ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခု ဖြစ်လာ၍  အဆိုပါနှစ်မှာပင် လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို  လက်မှတ်ရေးထိုးခဲ့သည့်  နိုင်ငံဖြစ်သည်။

လူ့အခွင့်အရေး  ကြေညာစာတမ်းကြီးသည် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် အနှစ် (၆၀)  ပြည့်မြောက်ခဲ့သကဲ့သို့ မြန်မာနိုင်ငံက အဆိုပါ စာတမ်းကြီးတွင်  ပြဌာန်းထားသည် အချက် (၃၀) ပါ လူ့အခွင့်အရေးများကို လိုက်နာရန်  လက်မှတ်ရေးထိုးခဲ့သည်မှာလည်း အနှစ် (၆၀) တိုင်ခဲ့ပြီဖြစ်သည်။

ထိုအနှစ်  (၆၀) အတွင်း မြန်မာနိုင်ငံမှ အုပ်စိုးသူ အစိုးရအဆက်ဆက်နှင့်  မြန်မာပြည်သူများ လူ့အခွင့်အရေးကို နားလည်ပြီး ဤအခွင့်အရေးတွေကို တကယ်ပဲ  ပြည့်ပြည့်ဝဝ ခံစားနေကြရပါပြီလား၊ လက်ရှိ မြန်မာနိုင်ငံတွင်း  လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု မည်သို့သော အခြေအနေများနှင့်  ရင်ဆိုင်နေကြရပါသလဲ စသည်များကို သိရှိနိုင်ရန် မြန်မာပြည်အတွင်း  လူ့အခွင့်အရေးလုပ်ငန်းများကို (၄) နှစ်ကျော်ကြာ လှုပ်ရှားဆောင်ရွက်နေသည့်  လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်မှ ကိုစောဗန်ကူးကို ရိုးမ ၃ က  ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါသည်။

လူ့အခွင့်အရေး  ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) စတင်ဆောင်ရွက်ခဲ့ပုံနဲ့ ယခု ၂၀၀၈  ခုနှစ်အထိ ကိုစောဗန်ကူး ပါဝင်လုပ်ဆောင်ချက်လေးတွေကို အကျဉ်းချုပ်  ပြောပြပေးပါ။

၂၀၀၄ ခုနှစ်၊ မေလ (၃၀) ရက်နေ့မှာ ရန်ကုန်မှာ  လူငယ် (၃၅) ဦးနဲ့အတူ ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်းတွေကို  ဝေငှခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ ကျနော်ကိုယ်တိုင်လဲ ဘိုကလေးမြို့ပေါ်ကို  သယ်ဆောင်လာပြီးတော့ လူ့အခွင့်အရေးကို စိုက်လိုက်မတ်တပ် ဆောင်ရွက်ခဲ့တယ်၊  (၈.၈.၀၄) နဲ့ (၈.၁၅.၀၄)၊ (၃၀.၈.၀၄) နေ့တွေမှာ ဒီလူ့အခွင့်အရေးတွေကို  လူတိုင်းသိရှိနိုင်ဖို့ စာရွက်စာတမ်းတွေကို ဘိုကလေးမြို့နယ်အတွင်းနဲ့  အမာမြို့နယ်ခွဲ၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာတွေမှာ ကျနော်တို့  ပေးဝေခဲ့တယ်။

၂၀၀၅ ဒီဇင်ဘာ (၁၀) ရက်မှာ ကျနော်တို့ အကျဉ်းရုံးပြီး  ဘိုကလေးမြို့ မဟာဝိသုဒ္ဒါရာမမှာ လူ့အခွင့်အရေးနေ့ကို “လူ့အခွင့်အရေးဆိုတာ  လူသားအားလုံးအတွက် ဖြစ်တယ်၊ မင်းနဲ့ငါ လူဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို  လေးစားဆိုပြီး ရေးထားတဲ့ ကဗျာလေးတွေပါတဲ့ စာအုပ်တွေကို ကျောင်းက  ကိုယ်တော်လေးတွေကို ဝေလိုက်တယ်၊ နောက် ၂၀၀၆ မှာ  လူ့အခွင့်အရေးလုပ်ငန်းတွေကို ကျနော်တို့ ကိုမြင့်အေး၊ ကိုမောင်မောင်လေး၊  အခု ထောင်ထဲရောက်နေတဲ့သူတွေက  ကိုယ့်ဒေသတွေမှာကိုယ် ဆောင်ရွက်ကြတယ်၊ ၂၀၀၆  ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ဘိုကလေးမြို့မှာ လူ့အခွင့်အရေးနေ့  အခမ်းအနားကို မြန်မာပြည်တပြည်လုံးအတိုင်းအတာနဲ့ ဖိတ်ကြားပြီး  ဆောင်ရွက်နိုင်ခဲ့တယ်၊ (၂၀၀၇) ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ရန်ကုန်မြို့မှာ  လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျနော်တို့ ကျင်းပနိုင်ခဲ့တယ်၊ ၂၀၀၈  ခုနှစ်မှာတော့ အခြေအနေအမျိုးမျိုးအောက်မှာ ဒီဇင်ဘာ (၉) ရက်နေ့ကပဲ  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုပေါ့လေ ကျနော်အပါအဝင်  လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေ စုပြီး မြန်မာပြည်တွင်း  လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလေး လုပ်ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုတာကို  မြန်မာပြည်သူတွေကြားမှာ နားလည်သဘောပေါက်လာအောင် (HRDP)အဖွဲ့အနေနဲ့  ဘယ်လိုတွေ လုပ်ဆောင်ခဲ့ပါသလဲ၊ အဲဒီအခြေအနေလည်း သိပါရစေခင်ဗျာ။

လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့  ဆွေးနွေးပွဲတွေလုပ်ဖို့ ၂၀၀၇ ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ  ရခိုင်ပြည်နယ်ခရီးစဉ်ကို ထွက်တယ်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ စစ်တွေ၊  သံတွဲမြို့တွေမှာ လူ့အခွင့်အရေး ပညာပေးဆွေးနွေးမှုတွေကို လုပ်ခဲ့တယ်၊  တောင်ကုတ်ဒေသမှာတော့ ဆားပြင်၊ ထူးရွှေမော်၊ ကျော်ကိုင်း၊ ရန်မျိုး  အဲဒီဘက်တွေမှာပါ ဆောင်ရွက်ခဲ့တယ်။

၂၀၀၇ မတ်လ (၁ရ) ရက်နေ့မှာ  ပဲခူးတိုင်းအနောက်ခြမ်း ပြည်၊ ဇီးကုန်း၊ နတ္တလင်း၊ မင်းလှဘက်တွေမှာ  ကျနော်တို့ သုံးရက်ခရီးနဲ့ ဆောင်ရွက်ခဲ့တယ်၊ အဲနောက် April မှာ  ကိုမြင့်အေးတို့သွားတာ ဟင်္သာတမှာ ကိုမောင်မောင်လေးနဲ့ ကိုမြင့်လှိုင်တို့  အရိုက်ခံခဲ့ရတယ်၊ အဲဒီနောက်ပိုင်းမှာ ကျနော်တို့လုပ်ငန်းတွေ နည်းနည်းလေး  ရပ်ဆိုင်းလိုက်ရတယ်၊ ရပ်ဆိုင်းလိုက်တာက ဒဏ်ရာရတဲ့သူတွေလောက်ပါပဲ၊  ကျန်တဲ့သူတွေက မေလထဲမှာ ကိုအောင်ကျော်စိုး၊ ကိုမောင်မောင်လေးတို့ ပြည်မှာ  (HR)ကိစ္စတွေ သွားရောက်လုပ်ကိုင်တဲ့အခါကျတော့ သူတို့ ပြန်လာပြီးနောက်မှာ  ပြည်မြို့က လူ့အခွင့်အရေးအင်အားစုအချို့အဖမ်းခံကြရတယ်၊ ၂၀၀၇ ဒီဇင်ဘာ (၁၀)  နေ့မှာ ရန်ကုန်မှာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ကျင်းပနိုင်ခဲ့တယ်၊  ကြားကာလတွေမှာက ဒေသန္တရအတွင်းမှာ ရှိနေတဲ့သူတွေက လူ့အခွင့်အရေး  ပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်နေနိုင်တယ်ဆိုတာတော့ သေချာပါတယ်၊  ၂၀၀၇ စက်တင်ဘာနောက်ပိုင်းမှာတော့ လူတွေက နည်းနည်းတော့  အားလျော့သွားတယ်၊  ၂၀၀၈ မေလလောက်မှာ လူအင်အားတွေ တော်တော် ဆုတ်ယုတ်သွားတော့ ကျနော်တို့  ကိုမြင့်အေးတို့က တော်တော်လေးကို တွန်းအားပေးလုပ်ရတယ်။

(HRDP)ရဲ့ လေးနှစ်တာကာလအတွင်း လူအခွင့်အရေးနဲ့ပတ်သက်လို့ အဓိက ဘာတွေ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။

လေးနှစ်တာကာလတွင်းမှာ  လူ့အခွင့်အရေးဆိုတာ ယခင်က ၂၀၀၃ ခုနှစ်လောက်အထိ လူ့အခွင့်အရေးဆိုတာ လူတွေက  မသိကြဘူး၊ နောက်တခုက မြန်မာပြည်ထဲမှာရှိတဲ့ လူတွေ တော်တော်များများက  လူ့အခွင့်အရေးဆိုတာ ရှိပါလားဆိုတာကို ပထမဆုံး သိအောင် ကျနော်တို့  လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံ ဒေသအတော်များများမှာ  လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) ကို ပြည်သူတွေသိအောင် ဆွေးနွေး  လုပ်ဆောင်ပေးနိုင်ခဲ့တယ်၊ အဲလို လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာတွေကို  မီဒီယာကသော်၎င်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကနေသော်၎င်း တဆင့်  ကမ္ဘာ့ပြည်သူတွေအထိ သိအောင် လုပ်ပေးနိုင်ခဲ့တယ်၊ အဲလို လုပ်ငန်းစဉ်တွေ  အမြောက်အများ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့  မေလ (၂) ရက်နဲ့ (၃) ရက်နေ့တွေမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တယ်၊  အဲဒီမုန်တိုင်းသင့် ဒုက္ခသည်တွေကို (HRDP)အနေနဲ့  ဘယ်လိုကူညီမှုတွေ  လုပ်ပေးနိုင်ခဲ့ပါသလဲ။

နာဂစ်မုန်တိုင်းခံရတော့ (HRDP)အနေနဲ့  တော်တော်လေးကို ဆောင်ရွက်နိုင်ခဲ့တယ်။ ကိုမြင့်အေးက သူ့ပတ်ဝန်းကျင်က  လူတွေကို ကူညီတောင်းပြီး အကူအညီပေးရေးလုပ်ငန်းတွေကို တော်တော်လေးကို  လုပ်ပေးတယ်၊ အဲဒီနောက်ပိုင်းမှာတော့ ဧရာဘက်မှာ ဝမ်းပျက်ဝမ်းလျောတွေဖြစ်လို့  လိုအပ်တဲ့ ဆေးဝါးတွေနဲ့ အိမ်သာ (၅) လုံး ဆောက်လုပ်ပေးခဲ့တယ်၊  ဘိုကလေးမြို့ပေါ်မှာတော့ အဝတ်အထည်တွေ ဝေတယ်၊ ဒေးဒရဲမြို့နယ်မှာဆိုရင်  အဝီစိတွင်းတွေ တူးတယ်၊ စာသင်ကျောင်းတွေမှာ ဗလာစာအုပ် ဒါဇင် (၈၀၀) ကျော်  ပေးဝေခဲ့တယ်၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲမှ ကျေးရွာတရွာမှာ လိုအပ်ချက်အရ  လယ်ထွန်စက်လေး (၁) လုံး ကူညီပေးထားတယ်၊ ယာယီ ကူညီပေးထားတယ်၊  ငပုတောမြို့နယ်ထဲက သင်္ဃန်းကုန်းနဲ့ ကညင်ငူကျေးရွာတွေမှာ (HRDP)အနေနဲ့  လယ်ထွန်စက်တွေ ပေးလှူထားတာ ရှိတယ်၊ ဒါတွေအားလုံဟာ ကိုမြင့်အေးဆီမှာ  စာရင်းဇယားနဲ့တကွ အားလုံးရှိပါတယ်၊ အဲလို ကူညီတာတွေလုပ်နေရင်းနဲ့  ကိုမြင့်အေးဟာ (၈) လပိုင်းမှာ အဖမ်းခံရတာ၊ အဲတော့ ကျနော်တို့လုပ်ငန်းတွေ  ထိခိုက်လာတဲ့အတွက် အလုပ်တွေ တော်တော်အေးလာတယ်၊ ကိုယ့်ဒေသမှာတော့  လုပ်သင့်တာတွေကို မနားဘဲ ဆက်လုပ်နေပါတယ်။

အဲဒီလို လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်တာတွေကို အာဏာပိုင်တွေဘက်က ဘယ်လိုသဘောထားခဲ့သလဲ၊ ဘယ်လိုနားလည်ခဲ့သလဲဆိုတာ သိပါရစေ။

၂၀၀၄  ခုနှစ်မှာ လူ့အခွင့်အရေး ကြေညာစာတမ်းတွေ ဝေခဲ့ပြီးတော့ ကျနော်တို့  ယာယီအားဖြင့် ထိန်းသိမ်းခံခဲ့ရတယ်၊ ခြေချုပ်အနေနဲ့ ထိန်းသိမ်းတာက သုံးရက်၊  အဲဒီတုန်းက မြို့နယ်မှူး ဦးကိုကိုနိုင်လက်ထက်မှာ ဒီဇင်ဘာလ (၅) ရက်နေ့ည၊  သန်းခေါင်ကျော် (၂) နာရီမှာ ကျနော်တို့ကို လာပြီး ဖမ်းဆီးခေါ်ဆောင်တယ်၊  ဟိုရောက်တော့ ကျနော်တို့ (၃၉၀) နဲ့ စွဲတယ်၊ အဲဒီကာလမှာ ကျနော်က အဲဒါနဲ့  ပါဝင်ပတ်သက်မှုမရှိဘူး၊ နောက် ဒီဇင်ဘာလ (၁၀) ရက်နေ့ လူ့အခွင့်အရေးနေ့မှာပဲ  ထပ်အဖမ်းခံရတယ်။ အမာက ရဲတပ်ဖွဲ့တာဝန်ရှိသူ ကိုတင်ထွန်း၊ ကဒုံကနိရဲစခန်းက  စိုးလှအောင်တို့က ပုံနှိပ်အက် (၁၇) နဲ့ ဖျာပုံအကျဉ်းထောင်မှာ လာပြီး  တရားစွဲတယ်၊ (၂၀၀၅) ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ ကျနော် ပြန်လွတ်တယ်၊  အဲဒီမှာပဲ ရှေ့နေတွေရဲ့ မေးမြန်းမှုတွေအရပေါ့လေ ရဲဝန်ထမ်းတွေဟာ  လူ့အခွင့်အရေးကို မသိဘူးဆိုတာ ထင်ရှားလာတယ်ပြောရမယ်။

ကိုစောဗန်ကူးပြောသွားတဲ့အထဲမှာ  (HRDP)အဖွဲ့ဝင်တွေ ဖမ်းဆီးခံထားရတယ်ဆိုတာပါတော့ ဘာအကြောင်းနဲ့ ဖမ်းတာလဲ၊  ဘယ်နှယောက် အဖမ်းခံရသလဲ၊ သူတို့ကို အခု ဘယ်လိုစီရင်ချက်မျိုးတွေ  ချမှတ်ခံထားရတယ်ဆိုတာလဲ ပြောပြပါဦး။

လက်ရှိအခြေအနေမှာ  အဖမ်းခံထားရတာ (၂၇) ဦးကနေ (၃၅) ဦး အထိ ရှိနေပါတယ်၊  ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ အမြင့်ဆုံးပြစ်ဒဏ်က တကျွန်းနဲ့ (၈) နှစ်နဲ့  အနည်းဆုံးက (၈) နှစ်အထိ ရှိပါတယ်၊ သူတို့ ဖမ်းဆီးခံရတဲ့အခါကျတော့ (၁၇-၁)၊  (၁၃-၁) ဖောက်ခွဲရေးပုဒ်မတွေနဲ့ အဖမ်းခံရတယ်၊ ဒါဟာ အင်မတန်မှ  ဝမ်းနည်းစရာကောင်းတယ်။ သူတို့ပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို  သွားနေတယ်ဆိုရင် လူ့အခွင့်အရေးဆိုတာ ပန်းနဲ့ခေါင်းလိုပဲ ခွဲလို့မရတဲ့  ကိစ္စဖြစ်တယ်၊ လူ့အခွင့်အရေးကို လူတွေသိအောင်လုပ်တာ ဖောက်ခွဲရေးမှမဟုတ်တာ၊  သူတို့က ဖောက်ခွဲရေးအမြင်တွေနဲ့ ဒီလို စွပ်စွဲတယ်လို့ပဲ ပြောရမှာပဲ။

ဒီလူတွေဟာ  ကျနော်တို့နဲ့အတူ သွားလာနေတာမှာ ကျနော်တို့အမြင်၊ အသိ၊ အတွေ့  သူတို့အားလုံးဟာ အလွန်သုခုမဆန်တယ်၊ အကြမ်းဖက်ကိစ္စကို ဘယ်တော့မှ  ထည့်တောင်မစဉ်းစားမိကြဘူး။ ကျနော်တို့ လူ့အခွင့်အရေးသမားတွေဟာ  အာဏာရရှိရေးမဟုတ်ဘူး၊ အာဏာဖြုတ်ချရေးမဟုတ်ဘူး၊ ကျနော်တို့က  လူ့အခွင့်အရေးသိအောင်၊ လူ့အခွင့်အရေးသိလာရင် လူတိုင်းလူတိုင်း  အပြန်အလှန်လေးစားမှု ရှိလာအောင် ကျနော်တို့က ဆောင်ရွက်တာ၊ နဂိုက  ပြောခဲ့ပြီးသား၊ ခင်ဗျားတို့အာဏာကို ထိပါးချင်လို့  လူ့အခွင့်အရေးလုပ်တာမဟုတ်ဘူး၊ ကျနော်တို့ဟာ ပါတီအင်အားစုလဲမဟုတ်ဘူး၊  ဘာကိုစိုးရိမ်တာလဲ၊ ကျနော်တို့က လူ့အခွင့်အရေးဆိုတာကို မနှစ်သက်လို့လားလို့  မေးရမလိုဖြစ်နေပြီ။

လူ့အခွင့်အရေးဆိုတာကို အများပြည်သူက ဘယ်လောက်ထိ နားလည်ထားသလဲ၊ (HRDP) အနေနဲ့ရော  ရှေ့ဆက်ဘာလုပ်ဖို့ ပြင်ဆင်ထားပါသလဲ။

အခု  ကျနော်တို့ လူ့အခွင့်အရေးဆွေးနွေးပွဲလေး လုပ်တယ်၊ ဒီလိုလုပ်တဲ့အခါမှာ  မိမိဒေသအတွင်းမှသည် တနိုင်ငံလုံးအနေအထားအထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့  ဆုံးဖြတ်လုပ်ဆောင်သွားမယ်ဆိုတာရယ်၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို  လူတိုင်းနားလည်ဖို့ဆိုတာ နည်းနည်းလိုသေးတယ်၊ မြန်မာတပြည်လုံးအတိုင်းအတာနဲ့  ကြည့်မယ်ဆိုရင် အများကြီး လိုအပ်နေတာ ရှိတယ်၊ အရင်ဆုံး ကျနော်တို့က  ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်စောကြောဖို့ လိုမယ်၊ ယခင်ကထက်ပိုပြီးသိအောင်  ယဉ်ကျေးသိမ်မွေ့လာအောင် ကြိုးစားလုပ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်က  လုပ်ရပ်တွေက ပြင်းထန်လွန်းတယ်၊ ကြမ်းတမ်းရက်စက်လွန်းတယ်၊ ကျနော်တို့ကတော့  လူ့အခွင့်အရေးကို ကိုင်စွဲထားတဲ့အတိုင်း ယဉ်ယဉ်ကျေးကျေးနဲ့ လူတိုင်းက  လူ့အခွင့်အရေးကို သိလာပြီး အဲဒီအမြင်တွေနဲ့ လူ့ခွင့်အရေးကို တိုက်ယူဖို့ကို  ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့ပါတယ်။

စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲအပေါ် သူတို့၏သဘောထားအမြင်များ
တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ  အတည်ပြုနိုင်ရေးအတွက် စစ်အစိုးရက လူထုဆန္ဒ ခံယူပွဲတရပ်ကို မေလအတွင်း  ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာပြီး ပြင်ဆင်မှုများ စတင်ပြုလုပ်  လျှက်ရှိသည်။

ထိုသို့ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲအပေါ် အမြင်များကို  ရိုးမ ၃ သတင်းဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှ  အထွေထွေအတွင်းရေမှူး ဦးမြင့်စိုး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဥက္ကဌ  ဦးအောင်မိုးဇော်၊ ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးကော်မတီ) တာဝန်ခံ  ဦးမင်းနိုင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဥက္ကဌ ဦးသံခဲတို့ကို   ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

စစ်အစိုးရက လူထုဆန္ဒခံယူပွဲလုပ်တာဟာ တရားမျှတမှုမရှိနိုင်ဘူးလို့ အများက သုံးသပ်ပါတယ်၊ ဘာကြောင့် တရားမျှတမှုမရှိဘူးလို့ မြင်ပါသလဲ။

ဦးမြင့်စိုး။            ။ နံပါတ် (၁) အခြေခံအကျဆုံးကတော့ ပြည်သူတွေ  လိုလားတောင့်တတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဦးတည်နေရမဲ့အစား  ဖြောင့်ဖြောင့်ကြီး ပြန်ဆန့်ကျင်နေလို့ပဲ ဖြစ်ပါတယ်။ ပြည်သူတွေက ၁၉၈၈ မှာ  တနိုင်ငံလုံးအတိုင်းအတာအရ ပြင်းပြင်းပြပြနဲ့ လိုလိုလားလား တောင့်တခဲ့တာက  ဒီမိုကရေစီနိုင်ငံတော်သစ်ပါ။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း န၀တအစိုးရက  ဒီမိုကရေစီနိုင်ငံတော်သစ် ဖော်ဆောင်ပေးမယ်လို့ တိုင်းပြည်ကို  ရှင်းရှင်းလင်းလင်း ကတိပေးထားပြီးသားပါ။ အဲဒါနဲ့ပတ်သက်ပြီး ၁၉၉၀ မှာ  ရွေးကောက်ပွဲ လုပ်ပေးတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  အများစု အနိုင်ရသွားတဲ့အခါမှာ သူတို့ စိတ်ပြောင်းသွားတယ်။  စိတ်ပြောင်းသွားပြီးတဲ့အခါကျတော့ သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို  သူတို့ရေးချင်သလို ရေးတယ်၊ ဆွဲချင်သလိုဆွဲတယ်။ ဆိုတော့ ပြည်သူတွေလိုလားတဲ့  လိုလားချက်နဲ့ အကွာကြီး ကွာသွားတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအများစုက  လက်မခံနိုင်ဘူး၊ သဘောမကျတော့ဘူး။ အဲဒီလိုဖြစ်တာပါ။

ခုလို  ဆန္ဒခံယူပွဲလုပ်မယ်ဆိုတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်လာနိုင်ပါတော့  မလား။ အများကတော့ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေတုန်းပါပဲ။ ဒီအပေါ်  ဘယ်လိုမြင်ပါသလဲ။

ဦးအောင်မိုးဇော်။               ။ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၉) ရက်နေ့က နအဖက (၁/၂၀၀၈)နဲ့  (၂/၂၀၀၈) ကို ထုတ်ပြန်ကြေညာတာကိုယ်၌က တွေ့ဆုံဆွေးနွေးရေး  မလုပ်နိုင်တော့ဘူးဆိုတာ ပြောလိုက်တာဖြစ်တယ်။ လွန်ခဲ့တဲ့အပတ်က  ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုလည်း နအဖရဲ့ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့က  သူတို့ရေးထားတဲ့ အခြေခံဥပဒေကို ပြန်ပြီးတော့ မသုံးသပ်နိုင်ဘူး။  ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စကားပြောဖို့ အကြောင်းအချက်မရှိတော့ဘူးဆိုတာကို  တိတိကျကျ ပြောခဲ့တယ်။ အဲတော့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ဆိုတာ သူတို့ရဲ့  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထုက ပြတ်ပြတ်သားသား  ပယ်ချနိုင်မှဖြစ်မယ်။ ဒါကြောင့်မို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အပါအ၀င်  ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ကနေ့ လက်တွေ့ တာဝန်က  ပြည်သူတရပ်လုံးက နအဖရဲ့ ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား ပယ်ချပစ်အောင်  စည်းရုံးပြင်ဆင်ရမယ့် တာဝန်ဖြစ်တယ်။ အချိန်သိပ်မရှိတော့ဘူး။

ဒီဆန္ဒခံယူပွဲမတိုင်မှီမှာ  လူထုဆန္ဒပြမှုတွေ ဖြစ်လာနိုင်ခြေရှိပါသလား။ လက်ရှိမြန်မာပြည်တွင်းက  ကျောင်းသားတွေရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။

ဦးမင်းနိုင်။           ။ လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်သူတွေအနေနဲ့  စစ်အာဏာရှင်တွေရဲ့ ထင်တိုင်းကျဲ အုပ်ချုပ်နေတဲ့အောက်မှာ  ဘယ်ခေတ်ဘယ်အခါနဲ့မှမတူ ဆင်းရဲကျပ်တည်းမှုတွေ၊ နိမ့်ကျ မျက်နှာငယ်မှုတွေ  တနေ့တခြား များပြားလာတဲ့အခြေအနေအောက်မှာ ပြည်သူတွေရဲ့  အုံကြွပေါက်ကွဲလာနိုင်တဲ့ အနေအထားက အချိန်မရွေး ရှိနေပါတယ်။ ပြီးခဲ့တဲ့  စက်တင်ဘာ လှုပ်ရှားမှုကြီးက သက်သေပါပဲ။ စစ်အာဏာရှင်တွေ  ဒီလောက်ဖိနှိပ်ခြိမ်းခြောက်ထားတဲ့ကြားက ပေါ်ထွက်လာတဲ့ လှုပ်ရှားမှုကြီးပဲ  ဖြစ်ပါတယ်။

မြန်မာပြည်  ကျောင်းသားလူငယ်ထုရဲ့သဘောထား ဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်  ဆိုရင် ကျနော်တို့ ကျောင်းသားလူငယ်တွေဟာ ကိုယ့်ရဲ့ အနာဂတ်မျှော်လင့်ချက်၊  တိုင်းပြည်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေကို တွက်ဆနိုင်စွမ်း ရှိကြတယ်။  ဒီစွမ်းရည်က ခေတ်အဆက်ဆက် မျိုးဆက်အသီးသီး ကျောင်းသားလူငယ်တွေရဲ့ အစဉ်အလာပါ။  မြန်မာပြည် သမိုင်းကို ပြန်ကြည့်ရင် တွေ့ရပါလိမ့်မယ်။  ဒီနေ့ဒီအချိန်မှာလည်း စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်မှုတွေ ဘယ်လောက်ရှိရှိ  ငြိမ်ခံငုံ့ခံနေမယ့် ကျောင်းသားလူငယ်မျိုးဆက်တွေ မဟုတ်ဘူး။ မတရားတဲ့  စနစ်ဆိုးကို တော်လှန်တွန်းလှန်နိုင်စွမ်းရှိတဲ့ လူငယ်တွေဖြစ်တယ်။  ဒီသဘောထားရှိတဲ့ ကျောင်းသားလူငယ်မျိုးဆက်တွေလို့ ကျနော်  ယုံကြည်စိတ်ချထားပါတယ်။

စစ်အစိုးရကတော့  သူတို့လုပ်နေတဲ့ မူ (၇) ချက်အတိုင်း သွားမယ်၊ အစကနေ  ပြန်လုပ်ဖို့မရှိဘူးလို့ ကုလကိုယ်စားလှယ်ကို ပြောလိုက်ပါပြီ။ အဲ့ဒီတော့  စစ်အစိုးရက ဘာတွေဆက်လုပ်သွားမယ်လို့ ရှုမြင်ထားပါသလဲ။

ဦးသံခဲ။              ။ ကျနော် ပထမဆုံးမြင်တဲ့အချက်ကတော့ နအဖက  အခုလိုမျိုး သူတို့ ချမှတ် ထားတဲ့ လမ်းပြမြေပုံ (၇) ချက်အတိုင်း  ဆက်သွားတော့မယ်ဆိုတာက ဘာကိုပြနေသလဲဆိုတော့ ကျနော်တို့အားလုံး  တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လက်မခံတော့ဘူးဆို တာကို  ပြလိုက်တာဖြစ်ပါတယ်။ ဒါနဲ့အတူပဲ ယနေ့ အထင်ကရဖြစ်နေတဲ့ တရားဝင် ရွေးကောက်  ခံထားရတဲ့ သူတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ  နောက်တခုကတော့ နိုင်ငံတကာအင်းအားစုတွေရဲ့ တောင်းဆိုချက်တွေကို လုံးဝ  လျစ်လျှူရှုလိုက်ပါပြီ။ ဒါကြောင့် ကျနော်ပြောချင်တာက စစ်အစိုးရက  သူ့ရဲ့တရားဝင်မှုအတွက် အဓမ္မနည်းလမ်းအားလုံးကို သုံးပြီးတဲ့အခါကျတော့မှ  ဗိုလ်ကျစိုးမိုးနိုင်ဘို့ကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ပြည်သူ လူထုကို  အကြပ်ကိုင်ပြီးတော့မှ သူရဲ့အခြေခံဥပဒေကို အတည်ပြုတော့မယ်ဆိုတာကို  ပြနေပါပြီ။ ဒီအတွက်လည်း ကျနော်တို့ဘက်က ပြင်ဆင်သင့်ပြီလို့ ယူဆပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  အနိုင်ရခဲ့တဲ့ ၁၉၉၀ ရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြု နိုင်ဘူးဆိုတဲ့  သဘောနဲ့ ဆန္ဒခံယူပွဲလုပ်မယ်၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကမ္ဘာကို  ကြေညာလိုက်သလို ဖြစ်နေပါတယ်။ တကယ်ပဲ ၉၀ ရလဒ်က အဲ့ဒီအချိန်မှာ  ပျက်ပြယ်သွားမှာ လား၊ ဒါမှမဟုတ် ဘယ်လို ဆက်တည်ရှိနေပါသလဲ။

စိုး။            ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်က  ကမ္ဘာသိကြေညာပြီးတော့  ဆောင်ရွက်ခဲ့တာ ဖြစ် ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ခြင်းခံရတဲ့  ပုဂ္ဂိုလ်တွေကို နိုင်ငံတော် ပြန်တမ်းမှာ ထုတ်ပြန်ပြီးတော့ သူတို့ကို  ရွေးချယ်ခြင်းခံရတဲ့ ပြည်သူလွှတ်တော် ကိုယ်းစားလှယ် များအနေနဲ့  နိုင်ငံတော်တံဆိပ်နဲ့ အသိအမှတ်ပြုထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့  ဒါဟာ မေးခွန်းတခု ဖြစ်နေပါတယ်။ ဘယ်လိုမေးခွန်းလဲဆိုတော့ ၁၉၉၀  ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုဥပဒေနဲ့ ပယ်ဖျတ်မှာလဲဆိုတဲ့  မေးခွန်းပဲဖြစ်ပါတယ်။ အဲဒါက နောက် ရွေးကောက်ပွဲ မတိုင်ခင်မှာ လာမဲ့  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမတိုင်ခင်မှာ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်  သားသား နအဖက ပြောရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်ကို  နအဖက ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီကော်မရှင်ဟာ လွန်ခဲ့တဲ့ လပိုင်းလောက်အချိန်ထိ  ၂၀၀၇ နှစ်ကုန်ပိုင်း လောက် အချိန်ထိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို အဖွဲ့ကနေ နှုတ်ထွက်အောင်  ဖိအားပေးတဲ့ နေရာမှာလည်း ပါဝင်ပတ်သက်တယ်။ သက်ဆိုင်ရာ ရ၀တတွေက   နှုတ်ထွက်ခိုင်းတဲ့ နေရာမှာလည်း ကော်မရှင်ကိုသွားပြီးတော့  နှုတ်ထွက်စာတင်ခိုင်းတယ်။ အဲတော့ ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်ဟာ  ဖျက်သိမ်းပြီးပြီလား၊ ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားသလဲ ဆိုတာကိုလဲ နအဖက  ရှင်းရှင်းလင်းလင်း ဖြေရမှာဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းခြင်းမပြုဘဲနဲ့ နအဖ  လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဒဏ်ခတ်တာကို  မကြာခင် ခံရမှာဖြစ်ပါတယ်။

နိုင်ငံတကာကို မကြာခဏဆိုသလို ရောက်နေတာကြောင့် စစ်အစိုးရလုပ်မဲ့  ဆန္ဒခံယူပွဲဆိုတာနဲ့ ရွေးကောက်ပွဲဆိုတာကို နိုင်ငံတော်တော်များများရဲ့အမြင်က  ဘယ်လိုရှိပါသလဲ။

မိုး။               ။ မနေ့က (မတ်လ ၁၇ ရက်နေ့) အမေရိကန်ကွန်ကရက်က နအဖရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ  အခြေခံဥပဒေကို လုံးဝလက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား  ဆုံးဖြတ်ချက်ချလိုက်တယ်။ ဥရောပသမဂ္ဂကလည်း အဲဒီလိုဆောင်ရွက်ဖို့  လိုအပ်လိမ့်မယ်။ သို့သော်လည်း နအဖက နိုင်ငံတကာကို ဂရုမစိုက်ဘူးဆိုတဲ့သဘော  ထပ်တလဲလဲ ပြသနေတယ်။ အဲဒါကလည်း အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့  သဘောထားတွေကြောင့် ဖြစ်နိုင်တယ်။ အီးယူအဖွဲ့ဝင် နိုင်ငံတွေကလည်း  အမေရိကန်လို မာမာချာချာမရှိလှဘူး။

၂၀၀၇  စက်တင်ဘာ သံဃာနဲ့ ပြည်သူလှုပ်ရှားမှုဟာ ကမ္ဘာက အံ့သြလောက်အောင် စစ်အုပ်စုရဲ့  ဖိနှိပ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ခု ဆန္ဒခံယူပွဲမှာလည်း စစ်အစိုးရအနေနဲ့  ဘယ်လိုနည်းတွေနဲ့ ဖိနှိပ်မယ်၊ ဘယ်လိုနည်းတွေနဲ့ လိမ်ညာလိမ့်မယ်လို့  မြင်ထားပါသလဲ။

မင်း။           ။  နအဖစစ်အုပ်စုအနေနဲ့ ခုအခါမှာ မြန်မာပြည်ရဲ့ တကယ့်လက်တွေ့ အခြေအနေ  တွေအရပဲဖြစ်ဖြစ်၊ နိုင်ငံတကာမျက်နှာစာမှာ ကြုံနေရတဲ့  တကယ့်လက်တွေ့အခြေအနေတွေ အရပဲဖြစ်ဖြစ် စစ်အစိုးရပုံသဏ္ဍာန်နဲ့ ဘယ်လိုမှ  ရှေ့ဆက်လို့ မရတော့ဘူးဆိုတာ သူတို့ ကိုယ်တိုင် သဘောပေါက်ထားပုံရတယ်။  အပြောင်းအလဲတခုကို မလုပ်မဖြစ် လုပ်ရတော့မယ် ဆိုတာ သဘောပေါက်ထားပုံရတယ်။  စစ်အာဏာရှင်စနစ်ပုံပြောင်းနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်စေ၊  ပြည်တွင်းနဲ့ နိုင်ငံတကာကိုလည်း လှည့်စားနိုင်စေဆိုတဲ့ အချိုးအကွေ့တခုကို  ဖန်တီးနိုင်ဖို့ သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖက်သတ်  ဆွဲလိုက်တယ်။ ပြီးတော့ ဒီဖွဲ့စည်းပုံကို အတည်ဖြစ်နိုင်ဖို့ ကြိုးစားနေတယ်။  အဲဒီတော့ လာမယ့် ဆန္ဒခံယူပွဲမှာ သူတို့ရဲ့ ဖွဲ့စည်းပုံ အတည်ဖြစ်ရေးဟာ  သူတို့ရဲ့အသက်လို ဖြစ်နေတယ်။ သူတို့ သူတို့ဆိုတာ စစ်တပ်ကို အသုံးချပြီး  ကိုယ်ကျိုးစီးပွားရှာနေတဲ့ စစ်တပ်ဗိုလ်ချုပ်ထိပ်သီးတစုကို ဆိုလိုတာ။  ဒီအတွက် လည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ညစ်ပြီး အတည်ဖြစ်အောင်  ကြိုးစားမှာကတော့ သေချာတယ်။ မဲထည့်မယ့် လူထုကို နည်းအမျိုးမျိုးနဲ့  ခြိမ်းခြောက်မယ်၊ လှည့်ဖျားမယ်၊ မဲလိမ်မယ်၊ ဒါတွေ လုပ်လာမှာပဲ။

စစ်အစိုးရအနေနဲ့  ၁၉၇၄ အခြေခံဥပဒေတုန်းက ကန့်ကွက်လည်း ထောက်ခံတယ်ဆိုပြီး အတည် ပြုခဲ့ပါတယ်။  အခုလည်း ရှုံးလည်းနိုင်တယ်လို့ပဲ ပြောမယ်လို့ အများက ယုံကြည်နေပါတယ်။  အဲ့ဒီတော့ ဆန္ဒခံယူပွဲ ပြီးသွားလို့ အများက ကန့်ကွက်ခဲ့ပေမဲ့ နိုင်တယ်လို့  ကြေညာခဲ့ရင် ပြည်သူ တွေအနေနဲ့ ဘာလုပ်သင့်ပါသလဲ။

သံ။              ။ နအဖဟာ ဘယ်လိုမှ တိုင်းပြည်အုပ်ချုပ်တဲ့  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မရေးဆွဲသင့်ပါဘူး။  အဲလိုရေးဆွဲထားတာကိုလည်း ကျနော်တို့အားလုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။  နအဖဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ကျနော်တို့ ဒီမိုကရေစီ  ရေး၊ အမျိုးသားရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး၊ နောက်  ကျနော်တို့တွေအားလုံးရဲ့ အခြေခံ လူ့အခွင့်အရေးတွေအားလုံးအတွက်  ဘာအာမခံချက်မှ မရှိတဲ့အတွက် အစဉ်တစိုက် ဆန့်ကျင် ခဲ့ကြခြင်း ဖြစ်ပါတယ်။  ဒီလိုဆန့်ကျင်ခဲ့တဲ့နေရာမှာ နောက်တခုက ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲတဲ့  နေရာမှာ ဖြစ်ပါတယ်။ ဒီရေးဆွဲတဲ့နေရာမှာ ကျနော်တို့ ယုံကြည်တဲ့  နိုင်ငံရေးခေါင်းဆောင်တွေ ရေးဆွဲထားတဲ့ ဥပဒေမဟုတ်ဘူး။  ကျနော်တို့တာဝန်ပေးထားတဲ့ ဥပဒေပညာရှင်တွေလဲ မဟုတ် ဘူး။ ကျနော်တို့အတွက်  အာမခံချက်မရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမဟုတ်တဲ့အတွက် ကျနော်တို့  အားလုံးဟာ ဆက်လက်ပြီးတော့ ဆန့်ကျင်ရမယ်လို့ ဒီနေရာမှာ တိုက်တွန်းလိုပါတယ်။

စစ်အစိုးရအနေနဲ့  (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) တို့ ကြေညာပြီးတဲ့နောက်မှာ ဒီဆန္ဒခံယူပွဲကို  သပိတ်မှောက်မယ်၊ ပြည်သူတွေအနေနဲ့ ကန့်ကွက်မဲသွားထည့်ဖို့  တိုက်တွန်းတာတွေရှိပါတယ်။ အဲ့ဒီအပေါ်အမြင်ကို ရှင်းပြပေးပါ။

စိုး။            ။ ပြည်သူတွေက သူတို့မကြိုက်တဲ့ အခြေခံမူတွေကို   မကြိုက်ကြောင်းကို ပီပီပြင်ပြင် ပြသဖို့ လိုပါတယ်။ စိတ်ကောက်နေတာမျိုး  မဟုတ်ဘဲနဲ့ ဒီဥပဒေဟာ ဘယ်လိုဥပဒေဖြစ်တယ်၊ ပြည်သူတွေရဲ့ဆန္ဒနဲ့  မကိုက်ညီဘူးဆိုတဲ့ဟာကို သိအောင်လုပ်ဖို့ လိုတယ်။ သူတို့ကြေညာတဲ့  မေလဆန္ဒခံယူပွဲမတိုင်ခင်မှာ ပြည်သူတွေက လက်မခံကြောင်းပြရမယ်။ သူတို့က  တကယ်လို့ ပြည်သူတွေကို သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဟာ  ဟောဒါပါပဲလို့ ပြည်သူကို ချပြရင် ပြည်သူတွေက ဒါကို ပြင်းပြင်းထန်ထန်  ဆန့်ကျင်နိုင်ရမယ်။ အဲလိုမှမရဘူး၊ သူတို့ရဲ့ လိမ်လည်လှည့်ဖျားတဲ့  အစီအစဉ်တိုင်း ဆက်သွားမယ်ဆိုရင် ပြည်သူတွေက မဲဆန္ဒပေးရမယ် ဆိုတဲ့နေ့မှာ  မဲရုံကို သွားရမယ်၊ သွားပြီးတဲ့အခါကျတော့ ကန့်ကွက်တဲ့ မဲကို ပြောင်ပြောင်  တင်းတင်းနဲ့ ရဲရဲဝံ့ဝံ့နဲ့ကို ထည့်ရမယ်။ သူတို့ရဲ့ဆန္ဒကို မအားလို့ဖြစ်စေ၊  မသိလိုက်လို့ဖြစ်စေ အဲလို စိတ်မ၀င်စားလို့မဟုတ်ဘဲနဲ့  ဒီအခြေခံဥပဒေနဲ့ပတ်သက်လို့ စိတ်ဝင်စားတယ်၊ သိလည်း သိတယ် အဲဒါကို  ကြိုက်လဲမကြိုက်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ပြဖို့လိုတယ်လို့  ကျနော်တို့ ယူဆပါတယ်။

မိုး။              ။  ကျနော်တို့ပါတီအနေနဲ့ကတော့ မဲပေးခွင့်ရှိတဲ့ ပြည်သူအားလုံး မဲရုံတွေကို  သွား စေချင်တယ်။ ကန့်ကွက်မဲ ထည့်စေချင်တယ်။ ထိခိုက်မှုအနည်းဆုံးနဲ့  ပြည်သူပါဝင်မှု အများဆုံး ဖြစ်နိုင်တဲ့၊ ပြီးတော့ တတိုင်းပြည်လုံး အသံတိတ်  ဆန္ဒပြလို့ရတဲ့နည်းဟာ ဒီနည်းပဲဖြစ်တယ်။ ပြည်သူတွေက နအဖရဲ့ ဖွဲ့စည်းပုံကို  အသည်းထဲ အူထဲက ပြတ်ပြတ်သားသား ဆန့်ကျင်မယ် ဆိုတာ ကျနော်တို့ ယုံတယ်။  ပြည်သူကို ယုံယုံကြည်ကြည်နဲ့ မဲရုံကိုသွားပြီး ကန့်ကွက်ဆန္ဒမဲတွေ ထည့်ကြဖို့  ကျနော်တို့ ဆော်သြကြရလိမ့်မယ်။ အချိန်သိပ်မရှိတော့ဘူး။

မင်း။           ။ (၁/၂၀၀၈) က သူတို့ ဖွဲ့စည်းပုံဆိုတာကို  လူထုဆန္ဒခံယူပွဲလုပ်ဖို့ ကြေညာတာ။ (၂/၂၀၀၈) က အဲဒီဖွဲ့စည်းပုံအတိုင်း  နောက်ထပ် ရွေးကောက်ပွဲတခုကို သွားမယ်လို့ ကြေညာ တာ။ ပြောရရင်  ဒီကြေညာချက်တွေက လူထုကို နားလှည့်ပြီး ပါးရိုက်ဖို့လုပ်တာပဲ။  သူ့ဖွဲ့စည်းပုံကို လူထုက ထောက်ခံလား၊ မထောက်ခံဘူးလား မသိသေးဘဲ  အတည်ဖြစ်တော့မယ်လို့ အပိုင် တွက်ပြီး ရွေးကောက်ပွဲလုပ်မယ်လို့ (၂/၂၀၀၈) ကို  ကြေညာတာပဲ၊ လူထုကိုေ၀၀ါးရှုပ်ထွေး အောင် လုပ်ထားတဲ့  ကြေညာချက်တွေပဲဖြစ်တယ်။

ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တချို့က  ဆန္ဒခံယူပွဲကို သပိတ် မှောက်ပြီး မဲသွားမထည့်ဖို့ ပြောကြတယ်။ တချို့က  ကန့်ကွက်မဲသွားထည့်ဖို့ ပြောကြတယ်။ အခြေခံကတော့ နအဖဖွဲ့စည်းပုံကို  လုံးဝလက်မခံဘူးဆိုတဲ့ အခြေခံပါပဲ၊ ကျနော့်စဉ်းစားမှုက တော့  သူတို့ရဲ့ဖွဲ့စည်းပုံကို လက်မခံဘူးဆိုရင် ဘယ်လို လက်မခံကြောင်းပြမလဲ၊  မဲသွားမထည့် ဘဲ လက်မခံကြောင်းပြမယ်ဆိုရင် မဲရေတွက်တဲ့အခါ ကန့်ကွက်မဲ  နည်းသွားမယ်၊ နအဖအကြိုက် ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ရှင်းရှင်းလင်းလင်း  ကန့်ကွက်မဲသွားထည့်ဖို့ လိုတယ်။ အဲဒါကိုမှ မဲလိမ်မယ်။ ထောက်ခံမဲရအောင်  ခြိမ်းခြောက်တာတွေ လုပ်မယ်။ ညစ်ပတ်မယ်ဆိုရင် ဒီဆန္ဒခံယူ ပွဲဟာ  လူထုပါဝင်နိုင်တဲ့ နိုင်ငံရေးအခွင့်အရေးပဲ(နအဖစစ်အုပ်စုဟာ လူထုကို  ဘယ်တုန်းကမှ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပါဝင်ခွင့်မပေးခဲ့ဘူး။  သူတို့ညီလာခံကိုပဲ ကြည့်၊ သူတို့စိတ်ကြိုက် ခေါင်းခေါက်ရွေးထားတဲ့သူတွေနဲ့  လုပ်ခဲ့တာ၊ သူတို့ဖွဲ့စည်းပုံကိုလည်း သူ့စိတ်ကြိုက်လူတွေနဲ့ ဆွဲထားတာ။  အတည်ပြုဖို့ကိုလည်း ဘောလုံးကွင်းထဲ မတက်မနေရ အမိန့်ပေးပြီး လုပ်ချင်တာ။  ဒါပေမယ့် ဒီလိုလုပ်လို့မဖြစ်လို့ ဆန္ဒခံယူပွဲအဖြစ်နဲ့ လူထုကို  နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ခွင့် ပေးလိုက်ရတာပဲ။ ပေးချင်လို့တော့  မဟုတ်ဘူး)။ ဒီအတွက် အားလုံးနဲ့ဆိုင်တဲ့ လူထုတရပ်လုံးနဲ့ ဆိုင်တဲ့  အခွင့်အရေးဖြစ်လို့ နအဖက ညစ်ပတ်လာမယ်ဆိုရင် နိုင်ငံရေးတိုက်ပွဲအဖြစ်  တိုက်ပွဲ ဆင်နိုင်ဖို့ အချက်အလက်ကို နအဖစစ်အုပ်စုကိုယ်တိုင်  ဖန်တီးပေးလိုက်တာပဲ ဖြစ်သွားမယ်။ အဲဒီတော့ ပြည်သူလူထုတရပ်လုံးအနေနဲ့  ကိုယ့်ရဲ့အနာဂတ်အတွက် ပထမအဆင့်က မဲရုံသွားပြီး ပြတ်ပြတ်သားသား သတ္တိရှိရှိ  နအဖရဲ့ဖွဲ့စည်းပုံကို ကန့်ကွက်မဲထည့်ဖို့ လိုတယ်။ ဒုတိယအဆင့်  သူတို့ရဲ့ဖွဲ့စည်းပုံ အတည်ဖြစ်ကြောင်း ညစ်ပတ်ပြီး ကြေညာမယ်ဆိုရင်  လူထုတရပ်လုံးက နိုင်ငံရေးတိုက်ပွဲအဖြစ် အတည်မဖြစ်အောင်  ဆက်တိုက်ရမှာပဲဖြစ်တယ်။

သံ။              ။  ကျနော်တို့မြင်တဲ့အမြင်ကတော့ လူထုမှာ အားရှိတယ်။ လူထုတွေမှာ လုပ်နိုင်တဲ့  အခွင့်အရေးတွေရအောင် ပြည့်ပြည့်၀၀ အသုံးချသင့်တယ်။ ဒီနေရာမှာ မဲရုံကို  သွားပြီးတဲ့အခါ ကျတော့ ကျနော်တို့တွေကို ဘာမှအကျိုးမပြုတဲ့၊  ကျနော်တို့မကြိုက်တဲ့၊ အကောင်းဘက်ကို မဖြစ်စေနိုင်တဲ့  ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြတ်ပြတ်သားသား မဲပေးခွင့်ရမယ်ဆိုရင် ရဲရဲဝံ့ဝံ့  ကန့်ကွက် ရမယ်။ အကယ်၍ မဲရုံကိုသွားခွင့်လည်း မရှိဘူး၊ ကျနော်တို့ကို  အတင်းအဓမ္မ ဖြစ်အောင် ထောက်ခံခိုင်းတဲ့ ပုံစံမျိုးတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့  ဆန့်ကျင်ဆန္ဒပြမှုတွေကို ပုံစံမျိုးစုံနဲ့ ဖန်တီး သွားရမယ်။

အရေးကြီးတာကတော့ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာကို  သဘောတူညီမှု မရှိဘူး၊ နိုင်ငံရေးပါတီတွေရဲ့ဆန္ဒလဲ မဟုတ်ဘူး၊  ကျနော်တို့ခေါင်းဆောင်တွေက ဆွဲထားတာလဲ မဟုတ်တာကြောင့်  ကျနော်တို့ဆန့်ကျင်တယ်ဆိုတာကို ဆောင်ရွက်ရပါမယ်။ အဲလို ပြည်သူတွေ  ဆောင်ရွက်တဲ့အခါကျတော့ ပေးနေတဲ့ အခွင့်အလမ်းပေါ်မှာ မူတည်ပြီးတော့  ဆန့်ကျင်ဆန္ဒမဲ တွေကို ရဲရဲတင်းတင်း ပေးရမယ်၊ ဒီဖွဲ့စည်းပုံကို  ဆန့်ကျင်သွားဖို့ကိုလည်း ပုံစံမျိုးစုံနဲ့ပြဖို့ လိုအပ် ပါတယ်။

စစ်အစိုးရအနေနဲ့ ဆန္ဒခံယူပွဲပြီးလို့ ရွေးကောက်ပွဲအထိ  			သွားနိုင်မယ်ဆိုရင်ကော ဘာလုပ်သင့် တယ်လို့ ထင်ပါသလဲ။

မင်း။           ။ ကျနော် စောစောက ပြောခဲ့သလိုပါပဲ၊ ဆန္ဒခံယူပွဲအဆင့်က  အရေးကြီးပါတယ်။ ဒီအဆင့်မှာ ပြီးပြတ်သွားဖို့ လိုပါတယ်။ နအဖဖွဲ့စည်းပုံ  အတည်မဖြစ်အောင် အားလုံး ၀ိုင်း ကန့်ကွက်မဲထည့်ကြဖို့ ပြောတာပါ။  အတည်ဖြစ်ပါတယ်လို့ သူတို့လိမ်ညာကြေညာခဲ့ရင်လည်း ဆက်ပြီး  ဆန့်ကျင်တိုက်ပွဲဝင်သွားရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နအဖ တဖက်သတ်ဆွဲထားတဲ့  ဖွဲ့စည်းပုံကြီးဟာ ဘာနဲ့တူနေသလဲဆိုရင် ဘယ်လိုမှ  အိမ်ကောင်းတစ်လုံးမဖြစ်နိုင်တဲ့ အိမ်ပုံစံ တခုလို ဖြစ်နေလို့ပါ။  အဲဒီပုံစံအတိုင်း ဆောက်မယ်ဆိုရင် အိမ်ဖြစ်လာမှာမဟုတ်ဘူး။ ပြိုကျ ပျက်စီးမှာ  သေချာပေါက်ပါပဲ။ သူတို့ရဲ့ဖွဲ့စည်းပုံအတိုင်း တိုင်းပြည်ကို  ရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားပေါင်းစုံလူထုကြီးအနေနဲ့  လက်ရှိအခြေအနေတွေထက် ပိုပြီး ဆင်းရဲ မွဲတေတဲ့၊ အခွင့်အရေးကင်းမဲ့တဲ့၊  ကြပ်တည်းတဲ့ ဘ၀ဆိုးကြီးကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့် မယ်။ ဒါ့အပြင်  စစ်အာဏာတည်မြဲရေး အခြေခံပေါ်မှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်နေလို့  စစ်ခေါင်းဆောင်တွေအကြား အာဏာလုပွဲ၊ အာဏာသိမ်းပွဲတွေ တခြိမ်းခြိမ်း  ပေါ်ပေါက်လာမှာ ကတော့ မလွဲပါဘူး။ မြေကြီးနဲ့လက်ခတ်ရင်  လွဲကောင်းလွဲသွားနိုင်ပါသေးတယ်၊ စောစောက ပြောတဲ့ အခြေအနေတွေကတော့  လွဲမှာမဟုတ်ဘူး။ တိုင်းပြည်ပြိုကွဲပျက်စီးသွားမယ့် အခြေအနေတွေနဲ့  ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အဲဒီအခြေအနေတွေ မကြုံတွေ့ရဖို့အတွက် ဒီနေ့  ပြည်သူတရပ်လုံးရဲ့ တပ်ဦးအဖွဲ့အစည်းဖြစ်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုအသီးသီး၊  တိုင်းရင်းသားအင်အားစုအသီးသီးနဲ့ ပြည်သူလူထုကြီးတရပ် လုံးက နအဖဖွဲ့စည်းပုံ  အတည်မဖြစ်ရေးကို ကြိုးပမ်းသွားရပါလိမ့်မယ်။

ရှုံးလည်းနိုင်တယ်လို့  စစ်အစိုးရက ကြေညာမှာပဲလို့ အများက ယူဆထားတာမို့ အကယ်၍ ဆန္ဒ ခံယူပွဲအပြီး  မဲအရေအတွက်စာရင်း ကြေညာရာမှာ နိုင်တယ်လို့ကြေညာခဲ့ရင် အတိုက်အခံတွေနဲ့  ပြည်သူတွေ ဘာလုပ်သင့်သလဲ။

သံ။               ။ ကျနော်တို့ အဲဒီဟာကို ကြိုးစားတဲ့အခါကျတော့ အဓိက ကတော့  တရားဝင်မှုပဲ။ နအဖဟာ တရားဝင်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ အကြမ်းဖက်ပြီးတော့  တရားဝင်အောင် ယူတော့မယ်ဆိုတာ သေချာနေပါပြီ။ ဒီနေရာမှာ ကျနော်တို့က  လူထုအားကသာ အရေးကြီးဆုံး လို့ ဆိုတယ်။ အထက်မှာကလည်း  နိုင်ငံရေးပါတီတွေရဲ့ခေါင်းဆောင်မှုတွေ၊ ပေးဆပ်မှုတွေ၊  ရဲဝံ့ပြတ်သားမှုတွေကလည်း အခရာကျပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်မှာ ရှိနေတဲ့  နိုင်ငံ ရေးပါတီတွေ ရှိနေတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်တွေ  ရှိမယ်။ အဲဒီ အားလုံးတောင်းဆိုတာက တွေ့ဆုံဆွေးနွေးရေးဖြစ်တယ်။  တွေ့ဆုံဆွေးနွေးရေးက လုံးဝမလာ တော့ဘူး။ နအဖက တလမ်းပဲသွားတော့မယ်ဆိုတော့  ကျနော်တို့မှာ ရွေးချယ်စရာလမ်းက မရှိ ဘူး။ အဲလိုဆိုတော့ ကျနော်တို့က  လူထုကပေးထားတဲ့ တရားဝင်မှုတွေရှိတယ်၊ လူထုက ပေးထားတဲ့  နိုင်ငံရေးဦးဆောင်မှုတွေ ရှိတယ်။ ဒါတွေကို ညီညီညွတ်ညွတ်နဲ့ ရဲရဲဝံ့ဝံ့  ပိုင်းဖြတ်ပြီး တော့မှ ဆောင်ရွက်ဖို့ကိုလည်း လိုအပ်ပါတယ်လို့ ကျနော်  ဒီနေရာမှာပြောချင်ပါတယ်။ လူထု အနေနဲ့ကလည်း ယနေ့အချိန်ကာလအောက်မှာ  မိမိရဲ့ရပိုင်ခွင့်တွေကို သူတို့ကိုယ်တိုင်ပဲ တိုက်ပွဲ ဝင်မှ  ရမယ်ဆိုတာတွေကို သေသေချာချာ ပိုင်းဖြတ်ထားဖို့လိုပြီလို့ ပြောချင်ပါတယ်။  ဒီနှစ်ခုစလုံး နိုင်ငံရေးပါတီတွေရော၊ ပြည်သူလူထုတွေရော အမျိုးသားရေးအနေနဲ့  ကျနော်တို့နိုင်ငံမှာ ထမ်းဆောင်ရမဲ့ ကာလကို ရောက်ပြီ။ ဒါဟာ  ကျနော်တို့အားလုံး ကျွန်ဘ၀က လွတ်မြောက်ရေး ဆိုပြီး တိုက်ပွဲဝင်ရမယ်လို့  ကျနော်မြင်ပါတယ်။

ကုလသမဂ္ဂရဲ့  နိုင်ငံတကာအရေး ဆောင်ရွက်မှုတွေဟာ အဆင့်တွေများလွန်း၊ ကြာလွန်းတာ ကြောင့်  အခု မြန်မာ့အရေးမှာကော ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေဟာ ထိရောက်မှုရှိပါ သလား၊  ကုလဆုံးဖြတ်ချက်ကို ပြည်သူတွေ ဘယ်လောက်အားထားလို့ရမလဲ။

မိုး။    ။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်မှုတွေဟာ အခြေခံအားဖြင့် ထိရောက်မှုရှိပါတယ်။  သို့သော်လည်း အဆင့်များတယ်၊ အချိန်ကြာတယ်ဆိုတာလည်း တဖက်က ဟုတ်ပါတယ်။  အကယ်၍သာ နအဖ အနေနဲ့ ကမ္ဘာ့ကုသမဂ္ဂနဲ့ နိုင်ငံတကာကို မထီမဲ့မြင်  ဆက်လုပ်နေမယ်ဆိုရင် ဒဏ်ခတ်တာကို မရှုမလှ ခံရလိမ့်မယ်။ ကနေ့ ကမ္ဘာ့လားရာဟာ  လွန်ခဲ့တဲ့ အနှစ် (၃၀/၄၀)က အခြေအနေတွေနဲ့ မတူတော့ဘူးဆိုတာ နအဖ သတိချပ်ဖို့  ကောင်းပြီ။ ချုပ်ပြီးပြောချင်တာကတော့ အခြေခံအားဖြင့် ထိရောက်တဲ့  ကုလသမဂ္ဂရဲ့ဆုံးဖြတ်မှုတွေဟာလည်း သက်ဆိုင်ရာ နိုင်ငံတွေရဲ့နိုင်ငံတွင်း  အခြေအနေတွေကို ထင်ဟပ်ရတာပဲဖြစ်တယ်။ ဆိုလိုချင်တာက ကျနော်တို့ပြည်သူတွေရဲ့  ဆန္ဒဟာ အဓိကဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ပြည်သူတွေအနေနဲ့၊  ကျနော်တို့အနေနဲ့ ကျနော် တို့ လိုချင်တာရအောင် ကျနော်တို့ဘာသာ ကျနော်တို့  အရင်လုပ်ရလိမ့်မယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ပံ့ပိုးမှုက နောက်က  လိုက်လာပါလိမ့်မယ်။

ဆန္ဒခံယူပွဲမလုပ်ခင် ခုလိုအချိန်မှာ ပြည်သူတွေကို ဒီပွဲနဲ့ပတ်သက်ပြီး  			ဘာတွေလုပ်သင့်တယ်လို့ ပြောချင်ပါသလဲ။

စိုး။       ။ အဲဒါကတော့ ပြည်သူတွေ လိုလားတောင့်တမှုမရှိတဲ့၊  ပြည်သူတွေမကြိုက်တဲ့  ပြည်သူ တွေကို တသက်လုံးဖိနှိပ်ထားမဲ့ နအဖရဲ့ဥပဒေကို  ကိုယ်စိတ်နှလုံးသုံးပါးစလုံးနဲ့ ဆန့်ကျင် ကန့်ကွက်ဖို့ လိုတယ်။ စိတ်ထဲကလည်း  လက်မခံဘူး။ နှုတ်ကလဲ လက်မခံကြောင်းကို ရဲရဲတင်းတင်း ပြောရမယ်။ ကိုယ်တိုင်လဲ  မဲရုံကိုသွားပြီးတော့ ကန့်ကွက်မဲကို ရဲရဲတင်းတင်း ထည့်ဘို့  တိုက်တွန်းချင်ပါတယ်။

မိုး။      ။  နယ်ပယ်အသီးသီးမှာ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေ၊ ရပ်မိရပ်ဖတွေ  စုစည်းပြီး မဲပေးနိုင်တဲ့ပြည်သူအားလုံး မဲရုံကိုသွားပြီး  ကန့်ကွက်မဲပေးကြဖို့ စည်းရုံးနိုင်တဲ့ နည်းနာအားလုံး ကို သုံးပြီး  ကိုယ့်ပြည်သူအချင်းချင်းအကြားမှာ စည်းရုံးမှုတွေ၊ လှုံ့ဆော်မှုတွေ  လုပ်သင့်တယ်။ နောက် ဆန္ဒခံယူပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို  မိမိအသိစိတ်နဲ့မိမိ ဒေသအသီးသီးမှာ စုဖွဲ့သင့်တယ်။ နအဖရဲ့ညစ်ပတ်မှုတွေ၊  ကလိမ်ကကျစ်ကျမှုတွေကို ဖွင့်ချဖော်ထုတ်ဖို့ဖြစ်တယ်။  အနိမ့်ဆုံးအဆင့်အနေနဲ့ကတော့ ဆန္ဒခံယူပွဲနေ့မှာ မဲပေးနိုင်တဲ့ပြည်သူအားလုံး  မဲရုံကိုသွားပြီး ကန့်ကွက်မဲပေးဖို့ကို ကိုယ့်မိတ်ဆွေတွေအကြားမှာဖြစ်ဖြစ်၊  ကိုယ့်ရပ်ထဲရွာထဲမှာပဲဖြစ်ဖြစ် မိမိအသိနဲ့မိမိ ပြင်ဆင်စည်းရုံးနေသင့်တယ်။

မင်း။           ။ ကျနော့်အနေနဲ့ တိုင်းရင်းသားပေါင်းစုံ  ကျောင်းသားပြည်သူတရပ်လုံးကို ပြောချင် တာက ကိုယ့်ရဲ့အနာဂတ်မှာ  စစ်ထိပ်သီးတစုရဲ့ ထင်တိုင်းကျဲ လုပ်ချင်သလိုလုပ်မယ့်အောက်မှာ လက်ရှိ  အခြေအနေထက် ပိုပြီး ဆင်းရဲမွဲတေနိမ့်ကျ၊ ပိုပြီး ကမ္ဘာ့အလယ်မှာ  နိမ့်ကျသိမ်ငယ်တဲ့ ဘဝ အရောက်ခံမလား၊ စစ်အာဏာရှင်စနစ်အောက်က  အမြန်ဆုံးလွတ်မြောက်ပြီး ကမ္ဘာ့ အလယ် တင့်တင့်တယ်တယ်နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့  လူမှုအဆင့်အတန်းကို ရောက်လိုသလား ဆိုတာ ဒီဆန္ဒခံယူပွဲအဆင့်မှာ  နအဖစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံကို အတည်မဖြစ်အောင် ကန့်ကွက်မဲ ထည့်မလား၊  မထည့်ဘူးလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်ကတော့ ခြိမ်းခြောက်မှု တွေ၊  ညစ်ပတ်မှုတွေမရှိဘူးဆိုရင် ကျနော်တို့ပြည်သူတရပ်လုံးဟာ နအဖရဲ့  ဖွဲ့စည်းပုံကို လုံးဝ ကန့်ကွက်မဲ ပေးကြမယ်ဆိုတာကို အပြည့်အဝ  ယုံကြည်ထားပါတယ်။ ပြည်သူတရပ်လုံးအနေနဲ့ မဲရုံသွားပြီး ပြတ်ပြတ်သားသား  သတ္တိရှိရှိ ကန့်ကွက်မဲ ထည့်ရပါလိမ့်မယ်။

သံ။              ။ အဓိက ကတော့  ဒီနအဖရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာဟာ ကျနော် တို့လိုချင်တဲ့  ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားပြဌာန်းခွင့် စတဲ့ အခြေခံ  အခွင့်အရေးတွေ မရှိတဲ့အပြင် ကျနော်တို့အားလုံးကို သူ့ကျွန်ဘ၀ကို  ရောက်အောင်လုပ်မှာ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ရဲရဲဝံ့ဝံ့  ဆန့်ကျင်နိုင်ဖို့ ၀ိုင်းဝန်းတိုက်ပွဲဝင်ကြဖို့အတွက် အလေးအနက်  တိုက်တွန်းလိုပါတယ်။ ဒီတိုက်ပွဲဟာ ကျနော်တို့တနိုင်ငံလုံး၊ အမျိုးသားထု  တခုလုံးရဲ့ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ထမ်းဆောင်ပေးကြပါလို့  တိုက်တွန်းလိုပါတယ်။