Yoma3

၁၂၂ ကြိမ်မြောက် မေဒေးနေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားများ ကျင်းပ
ဒီကနေ့ ကျရောက်တဲ့ (၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို တာခ်ခရိုင်မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀၀၀) လောက်ပါဝင်ကာ ဒေသတွင်း အလုပ်သမားအရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ ထိုင်းအစိုးရတာဝန်ရှိသူများ၊ လုပ်ငန်းရှင်းနှင့် အလုပ်သမားကာကွယ်ရေးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့ ကျင်းပခဲ့သည်။

လမ်းလျှောက်ချီတက်ရန်အတွက် စောင့်နေသူများ (ဓါတ်ပုံ- ရိုးမ ၃)

မေဒေးနေ့အခမ်းအနားမစတင်ခင် အလုပ်သမားအရေးလုပ်ဆောင်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား စုစုပေါင်း တစ်ထောင်နီးပါးက မဲဆောက်မြို့ ရဲစခန်းကနေ မေဒေးနေ့အခမ်းအနားပြုလုပ်ရာ ထိုင်းစာသင်ကျောင်းဝန်းအထိ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်တဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ကာ လမ်းလျှောက်ချီတက် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

မေဒေးနေ့ လမ်းလျောက်ပွဲတွင်ပါဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမတဦးက “ဒီနေ့က အလုပ်သမားအခွင့်အရေးအတွက် အလုပ်သမားတွေကိုယ်တိုင်က တိုက်ပွဲဝင်ခဲ့တဲ့နေ့ဖြစ်တယ် ဒီတိုက်ပွဲကြောင့် ရခဲ့တဲ့ အလုပ်သမားအခွင့်အရေးတွေက (၁၂၂)နှစ်ကျော်ကြာလာတာတောင် ကျမတို့ မြန်မာအလုပ်သမားတွေ အခုထိ တရားဝင်လုပ်ခ၊ အလုပ်ချိန်တွေ မခံစားရသေးဘူး အလုပ်ချိန်ပိုခိုင်းတာခံရတုန်း လုပ်ခမလုံ မလောက်နဲ့ လုပ်နေရတုန်း ကျန်းမာရေးစောင့်ရှောက်မှုဆိုတာကလည်း ဘာမှမရှိဘူး။

ဒီအခြေအနေတွေကနေ လွတ်မြောက်နိုင်မယ့် ကိုယ့်အခွင့်အရေးကို ရအောင် စုပေါင်းလုပ်ဆောင်နိုင်မယ့် စိတ်ဓါတ်ခွန်အားတွေရဖို့ အသိပညာရဖို့ ဒီအလုပ်သမားနေ့ကို ပါဝင်ခဲ့တာ” လို့ပြောသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပျော်ပွဲရွှင်ပွဲနှင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာကစားနည်းပြိုင်ပွဲများလည်း ပြုလုပ်ပေးခဲ့သည်။

အလားတူ မေဒေးနေ့အခမ်းအနားကို မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အပါအ၀င် MAP Foundation စသည့် အလုပ်သမားအရေးလုပ်ဆောင်ပေးနေသည့် အဖွဲ့ (၁၃) ဖွဲ့ပါ Migrant CBO network group က ဦးဆောင်ပြီး မဲဆောက်မြို့ ယူဂျီယာ ခမ်းမတွင် ပြုလုပ်ခဲ့သည်။

မေဒေးနေ့ အခမ်းအနားပြုလုပ်ရတာနဲ့ပတ်သက်လို့ Migrant CBO network group ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက  “မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မဲဆောက်မှာ (၂)သိန်းခွဲလောက် စက်ရုံ အလုပ်ရုံ စိုက်ပျိုးရေး၊ ဈေးရောင်း၊ အိမ်အကူ ပန်းရံ စတဲ့ အလုပ်မျိုးစုံမှာ ၀င်ရောက်လုပ်ကိုင်နေပမယ့် တနေ့အလုပ်ချိန် (၈) နာရီနဲ့ မဲဆောက်ဒေသအတွက် တရားဝင်သတ်မှတ်ထားတဲ့ တနေ့လုပ်အားခ (၂၂၆) ဘတ် ဘာတခုမှ ပြည့်ပြည့်၀၀မရသေးဘူး ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက်နည်းတယ်။ အလုပ်သမား နေထိုင်မကောင်းရင်တောင် ခွင့်မပေးဘူး အလုပ်မဆင်းရင် အလုပ်တောင်အထုတ်ခံရတာတွေအထိ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိနေတုန်းပဲ ဒါကြောင့် ကိုယ့်အခွင့်အရေးကို သိပြီး ကိုယ်တိုင်တိုက်ပွဲဝင်ဖို့ မေဒေးစိတ်ဓါတ်နဲ့ အလုပ်သမားအောင်ပွဲတွေကို သိအောင် ဒီအခမ်းအနားကို ကျင်းပတာဖြစ်တယ်” လို့ပြောသည်။

ဒီကနေ့ကျရောက်သည့် ၁၂၂ ကြိမ်မြောက် မေးဒေးနေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံတွင်း ရန်ကုန်တိုင်းအတွင်းနှင့် မြို့နယ်အချို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒီကနေ့ မနက် ၉ နာရီတွင် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် ဂွမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရုံးမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများသမဂ္ဂက ဦးဆောင်ပြီး ကျင်းပခဲ့သည်။

အခမ်းအနားတွင် လွတ်လပ်သည့်  သမဂ္ဂတွေ ဖွဲ့စည်းခွင့်မရအောင် ကန့်သတ်ထားမှုတွေ ရုတ်သိမ်းပေးဖို့ လယ်သမားဥပဒေရေးဆွဲရာတွင် လွတ်လပ်သည့် တောင်သူလယ်သမားနှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန်၊ အစိုးရရုံးပိတ်ရက်များတွင် ကာယညာဏ အလုပ်သမားထုအားလုံး အလုပ်ပိတ်ရက်နှင့် လုပ်ခလစာ အပြည့်အ၀ ရရှိရန်အပါအ၀င် အချက် (၅) ချက် တောင်းဆိုလိုက်ကြောင်းသိရသည်။

ဒီကနေ့ ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂက ဦးဆောင်ပြီး ရခိုင်ပြည်နယ် ဂွမြို့အပြင် ရန်ကုန်တိုင်း သုံးခွမြို့နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမများတွင်လည်း တစ်ပြိုင်တည်း ကျင်းပခဲ့သည်။

ထို့ပြင် မေဒေးနေ့ အခမ်းအနားကို အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ (Action Labor Rights) က ဦးဆောင်ပြီး အလုပ်သမားများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်သမားအရေးဆောင်ရွက်နေသူများနှင့် ပူးပေါင်းကာ ဒဂုံမြို့သစ်တောင်ပိုင်း၊ (၂၆) ရပ်ကွက် ပုလဲရတနာလမ်းမှာရှိသည့် နိကာယ်စာသင်တိုက်မှာ မနက် (၉) နာရီကနေ (၁၂) နာရီအထိ ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ အဖွဲ့က မေဒေးနေ့ကြေညာချက်လည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အလုပ်သမားများ တကယ်ရင်ဆိုင်နေရသည့် တနေ့အလုပ်ချိန် (၈)နာရီကိစ္စအပြင် လုပ်ခလစာ၊ အချိန်ပိုကြေး၊ ဒဏ်ကြေး ဆုကြေးနှင့် အလုပ်ခွင်ဆက်ဆံရေး ပြဿနာများရှိနေပြီး ထိုပြဿနာများထဲတွင် လုပ်ခလစာ မလုံလောက်မှုမှာ အရင်းခံပြဿနာဖြစ်ကြောင်း ထောက်ပြပြီး လုပ်ခလစာပြဿနာ ပြေလည်ရေးအတွက် အနည်းဆုံးလုပ်ခဥပဒေအား ခေတ်နှင့်လျော်ညီအောင်ပြုပြင်ခြင်း၊ သို့မဟုတ် ဖျက်သိမ်းပြီး အသစ်တဖန်ပြန်လည်ပြဌာန်းခြင်း ပြုလုပ်ရန်၊ အလုပ်သမားလျော်ကြေး ဥပဒေအပါအ၀င် အခြားအလုပ်သမားဥပဒေများကို ခေတ်နှင့်လျော်ညီသော ပြင်ဆင်ချက်ုများပြုလုပ်ရန် တိုက်တွန်းပါရှိသည်။

အဆိုပါအဖွဲ့က အလုပ်သမားအခွင့်အရေးပညာပေးစာစဉ် ပန်းဖလက် လက်ကမ်း စာစောင်လည်းဖြန့်ဝေခဲ့သည်။ ထို စာစောင်တွင် အခြေခံအလုပ်သမားအခွင့်အရေးများ ဖြစ်သည့် အလုပ်ချိန်၊ လုပ်အားခ၊ ဆေးလက်မှတ်ခွင့်၊ အချိန်ပိုလုပ်ခ၊ အလုပ်ပိတ်ရက်၊ ခွင့်ရက်၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့် စသည့် (၁၉၅၁) ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေတို့ပါ အခြေခံအလုပ်သမား အခွင့်အရေးများကို ရေးသားဖော်ပြထားသည်။

ရန်ကုန် အင်းစိန်မြို့နယ် (၂၈) သုခမြိုင်(၁)လမ်း ပညာသုခစာသင်ခမ်းမတွင်လည်း (၁၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် လုပ်သားနှင့် လုပ်ငန်းခွင်ရေးရာ ကိစ္စရပ်များဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း အလုပ်သမားအရေးလုပ်ဆောင်နေသူများက ကျင်းပခဲ့ကြောင်းသိရသည်။

စက်ရုံ အလုပ်ရုံ အလုပ်သမားများ မေဒေးနေ့ အခမ်းအနားများသို့ လွတ်လွတ်လပ်လပ် တက်ရောက်နိုင်မှု မရှိသေးသည့်အခြေအနေနှင့်ပတ်သက်ပြီး “ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ လှိုင်သာယာနဲ့ တောင်ဒဂုံမှာရှိတဲ့ စက်ရုံတွေ အလုပ်သမားတွေကို အလုပ်သမားနေ့မှာ ဘယ်မှ မသွားကြဖို့ ဘယ်အခမ်းအနားမှ မတက်ကြဖို့နဲ့ တက်လို့ရှိရင် အလုပ်ဖြုတ်မယ်လို့ စက်ရုံအများစုမှာ ဆူပါကြီးတွေကတဆင့် ဆော်အော်ထားတယ်။ တချို့စက်ရုံတွေမှာဆိုရင် မေဒေးနေ့ တရက်ဆင်းရင် (၇၀၀၀) ခုနှစ်ထောင်ကျပ်အထိ ပေးမယ်ပြောလို့ အလုပ်သမားတွေလည်း အလုပ်ဆင်းနေကြတယ်။ အလုပ်သမားတွေကို အပြင်အခမ်းအနားတွေကို မရောက်အောင် စီစဉ်တာ” လို့ စက်ရုံအလုပ်သမားတဦးက ပြောသည်။

ကျောက်ပန်းတောင်းမြို့ရှိ ဆောက်လက်စ ဗလီ ဖျက်ဆီးခံရ
မန္တလေးတိုင်း၊ ကျောင်းပန်းမြို့၊ ပြည်တော်သာရပ်ကွက်၊ ရွှေတန်ဆာလမ်း၊ မဟာသယဗ္ဘူဘုရားအနီးရှိ ဦးနေထွန်းဆိုသူ၏ ခြံဝင်းအတွင်းရှိ ဆောက်လက်စ ဗလီအဆောက်အဦသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ညတွင် ဖြိုချဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

ဖျက်ဆီးခံရသည့် ဗလီ

မတ်လ ၃၀ ရက်နေ့ည (၇) နာရီဝန်းကျင်တွင် ရာပေါင်းများစွာသော မြို့ခံလူအုပ်ကြီးက ဗလီကိုဖြိုချဖျက်ဆီးရန်ရောက်လာခဲ့သည်။

“ရာပေါင်းများစွာသော လူအုပ်ကြီးက ဗလီကို ဖျက်ဆီးဖို့ ဝိုင်းလာကြတယ်။ ဒီချိန်မှာ သံဃာတော်များကလဲ ကား ၇ စီးနဲ့ ရောက်လာတယ်။ ရောက်လာပြီးတော့ လူတွေကို မဖျက်ဆီးဖို့ တားသေးတယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

သံဃာတော်များက ဖျောင်းဖျတားဆီးသော်လည်း လူထုက ဗလီကို ဖျက်ဆီးရန် စိတ်အားထက်သန်နေသောကြောင့် သံဃာတော်များမှ တားမြစ်စည်းတစည်း၊ မြို့နယ်အာဏာပိုင်များပါဝင်သော မြို့နယ်စည်ပင်မှ တားမြစ်စည်းတစည်းတို့ဖြင့် လူထုအား တားဆီးထားကာ ဘူဒိုဇာဖြင့် ဗလီကို ဖြိုချဖျက်ဆီးပေးခဲ့ကြောင်း သူက ဆက်ပြောသည်။

ထိုသို့ ဖြိုချဖျက်ဆီးမှုသည် ည (၁၁) နာရီခန့်တွင် ပြီးဆုံးသွားပြီး ဗလီဖျက်ဆီးရန် လာရောက်သော လူထုသည်လည်း ၎င်းအချိန်မှစ၍ ပြန်လည်ထွက်ခွါသွားကြကြောင်း သူကဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အရင်က ဗလီမရှိခဲ့ကြောင်း၊ ဗလီဆောက်လုပ်သော အခါတိုင်းတွင်လည်း ယခုကဲ့သို့ ဖြိုချဖျက်ဆီးခြင်းခံရကြောင်း ထိုမြို့မှ သိမှီသူတဦး၏ ပြောပြချက်အရ သိရသည်။

မဲပေးရတဲ့ စာရင်းတွင် မပါသော ပြည်သူများ မဲရုံရှေ့တွင် ဆန္ဒပြ
ရှမ်းပြည်နယ်၊ ကလောမြို့တွင် မဲပေးခွင့်စာရင်းထဲမပါတဲ့ မဲပေးရမယ့်သူ ၁၀၀ ကျော် မဲပေးခွင့်မရသလို  ကြံ့ခိုင်ရေးပါတီက မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးကာ ဥပဒေချိုးဖောက်မှုတွေ ပြုလုပ်နေသည်။

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂ နေရာအတွက် မဲပေးရာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နှင့် ကျွန်းစုမြို့နယ် နှစ်မြို့နယ်ပေါင်းရှိ မဲပေးခွင့်ရှိသူ လူ ၅၀၀၀ လောက် မဲပေးခွင့်စာရင်းမှာ ကျန်ခဲ့လို့ မဲပေးခွင့်မရခဲ့ဘူးလို့ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့၊ သပြေသာရပ်ကွက်က မဲရုံမှာ မဲစာရင်းမပါတဲ့ပြည်သူနဲ့ ကော်မီရှင်ဥက္ကဌ ပြဿနာတက်ပြီး မဲဆန္ဒရှင် (၁၀၀) ကျော်လောက်က မဲရုံရှေ့မှာ ဆန္ဒပြသလို့ ရုတ်ရင်းဆန်ခက်ဖြစ်ပွားခဲ့ပြီး ကော်မရှင်ဥက္ကဌက အရက်မူးနေသောကြောင့် မဲဆန္ဒရှင်တွေကို ပြေလည်အောင်မရှင်းနိုင်ပဲ ရဲနဲ့ ကျောက်ပန်းတောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ရှိသူတွေက တောင်းပန်ခဲ့ရတယ်လို့ သိရသည်။

မဲရုံပေါင်း ၂၁ ရုံရှိပြီး မဲပေးနိုင်သူအားလုံးပေါင်း ၁၂၁၂၃ ယောက်ရှိတဲ့ စစ်တပ်မြို့ဖြစ်တဲ့ မိတ္ထီလာမြို့မှာ အင်န်အယ်လ်ဒီ အမှတ်တံဆိပ်နေရာကို ခြစ်လို့မရအောင် ဖယောင်းတွေသုတ်ထားသလို မဲပေးခွင့်မရတဲ့သူတွေလည်း ရာချီရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

အလားတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့အမှတ် ၉ မဲရုံမှာလည်း ပယ်မဲတွေများနေသလို အင်န်အယ်လ်ဒီ အမှတ်တံဆိပ်နေရာကို ဖယောင်းသုတ်ထားတာတွေ့ရတယ်လို့ မဲဆန္ဒရှင်တွေက မဲလက်မှတ်တွေ အစုတ်တွေ (၂၀၀) ကျော်ကို ပယ်မဲလုပ်မယ်လို့ မဲရုံမှူးနဲ့ မဲရုံစောင့်တွေက ပြောကြောင်း မဲဆန္ဒရှင်တဦးက ရှင်းပြခဲ့သည်။ မဲရုံတာဝန်ရှိသူတွေ ပေးတဲ့ မဲအုပ်က စုတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ကြိုတင်မဲပြဿနာတွေတက်လို့ ကန့်ဘလူ၊ ရေဦးတန့်ဆည်၊ ကျွန်းလှ မဲဆန္ဒနယ် အမှတ် (၃) မှာလဲ မဲလက်မှတ်မှာ တံဆိပ်တုံးတွေမပါတဲ့ မဲမသမာမှုတွေရှိနေကြောင်းနဲ့ ပုလဲမြို့နယ်က ဆန္ဒမဲခြစ်ရမယ့် မဲလက်မှတ်တွေမှာလည်း အင်န်အယ်လ်ဒီကို မဲပေးရမယ့် နေရာမှာ ဖယောင်းတွေသုတ်ထားပြီး အာဏာပိုင်တွေကိုယ်တိုင် မဲရုံထဲဝင်ပြီး မဲထည့်တဲ့လူတွေကို နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်က ဆပ်ပြာကုန်း၊ ထောက်ကြံ့ စတဲ့ကျေးရွာစုတွေမှာ ရွာ ၅ ရွာမှာ ၄ ရွာလောက်က မဲစာရင်မှားနေကာ၂၀၁၀ ရွေးကောက်ပွဲတုန်းက စာရင်းအတိုင်း ပြန်လည်ထုတ်ပြန်တာကြောင့် မဲပေးခွင့်ရှိပြီး စာရင်းမှာ မပါတာတွေနဲ့ သေဆုံးသွားသူတွေ မဲစာရင်းမှာ ပြန်ပါနေတာတွေဖြစ်နေတယ်လို့ NLD အဖွဲ့ဝင်တွေက ပြောပါသည်။

NLD ရဲ့ ထိပ်တန်းကိစ္စသုံးရပ်နဲ့ ကာကွယ်ဦးစီးချုပ်ရဲ့အဓိကတာဝန်
“(၆၇) နှစ်မြောက် တပ်မတော်နေ့” မှာ ပြောတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းထဲက အောက်ပါ အချက် ၂ ချက်ကို သတိပြုမိပါတယ်။

တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တပ်မတော်ကို ခေတ်ကာလနဲ့အညီ တည်ဆောက်ပေးခဲ့လို့ ကျေးဇူးတင်ထိုက်သူများအဖြစ် တစ်တန်းတည်းထားပြီး ရည်ညွန်းပြောကြားတဲ့အချက်နဲ့ လွှတ်တော်ထဲမှာ စစ်သား အမတ် ၂၅% ဘာကြောင့်ပါဝင်နေရသလဲ ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

တပ်မတော်ဖခင်လို့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွန်းသော်လည်း ယခင်က “အောင်ဆန်းစစ်ကြောင်း” ဆိုတာ ရှိခဲ့ပြီး (နဝတ-နအဖ) ခေတ်မှာ ဖြုတ်ပယ်ခဲ့ပါတယ်။ အခုလည်းဖြုတ်ပယ်ထားဆဲပါ။ ထားပါတော့။

နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တော့ စစ်တပ်ကနေပြတ်ပြတ်သားသားထွက်ပြီး နိုင်ငံရေးကို ခြေစုံပစ်ပြီး လုပ်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ “ကိုအောင်ဆန်း-  သခင်အောင်ဆန်း-  ဗိုလ်အောင်ဆန်း- ဦးအောင်ဆန်း” စသဖြင့် ကျောင်းသား၊ နိုင်ငံရေးသမားဘဝကနေ တော်လှန်ရေးတပ်မတော်သား၊ တော်လှန်ရေး တပ်မတော်သားဘဝကနေ နိုင်ငံရေးသမားဘဝကို အဆင့်ဆင့်ပြောင်းလဲခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်းကို တစ်တန်းထဲထားဖေါ်ပြစရာဆိုလို့ “ရဲဘော်သုံးကျိပ်” စာရင်းကို ရေးသားဖေါ်ပြရာမှာပဲ ဖြစ်တယ်။ ဒါတောင် ဒို့ဗမာအစည်းအရုံးဆိုတဲ့ ရှုဒေါင့်ကနေ ကြည့်ရင် “သခင်ကိုယ်တော်မှိုင်း” အုပ်စုဝင် သခင်အောင်ဆန်းနဲ့ “သခင်ထွန်းအုပ် – သခင်ဗစိန်” အုပ်စုဝင် သခင်ရှုမောင်အဖြစ် ကွဲပြားနေသေးတယ်။

ဗိုလ်နေဝင်းဟာ စစ်တပ်ကိုတစ်လက်ကိုင်တပ်အဖြစ် အုပ်စီးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို စတင်အခြေချခဲ့သူ အကောင်အထည် ဖော်ခဲ့သူဖြစ်တယ်။ ဒါကြောင့် ဗိုလ်နေဝင်းဟာ လက်ရှိစစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ရဲ့ ဂေါ့ဖားသားဖြစ်တယ်။

ဗိုလ်နေဝင်းဟာ “တော်လှန်ရေးကောင်စီ” ဆိုပြီး ၁၂ နှစ် အုပ်စိုးခဲ့ပြီး စစ်အာဏာရှင်စနစ်ကို  ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄) စိတ်ကြိုက်ရေးဆွဲကာ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (၁၄) နှစ် (၁၉၇၄- ၁၉၈၈) ကြာ ဖိနှိပ်ခဲ့တယ်။

ဗိုလ်သန်းရွှေကတော့ (နဝတ-နအဖ) စစ်ကောင်စီက ၂၁ နှစ် (၁၉၈၈ -၂၀၁၀) ဖိနှိပ်အုပ်စိုးခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စိတ်ကြိုက်ရေးဆွဲပြီး “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတဲ့ မျက်နှာဖုံး စွပ်ပေးခဲ့တယ်။

စစ်အုပ်စုဖွဲ့ပြီး စစ်တပ်ကို တစ်လက်ကိုင်လုပ်တဲ့အစဉ်အလာဟာ ဗိုလ်နေဝင်းလုပ်နည်းဖြစ်တယ်။ ဒီနည်းကို ဗိုလ်သန်းရွှေက ဆက်ခံခဲ့တာဖြစ်တယ်။

ဒါကြောင့် ဗိုလ်မင်းအောင်လှိုင်တို့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့ စစ်အာဏာရှင်နစ် အမွေခံတွေသာ ဖြစ်တယ်။

လက်ရှိစစ်အုပ်စုဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့နိုင်ငံရေးအစဉ်အလာကို ဆက်ခံသူတွေ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုအသုံးချပြီး နိုင်ငံရေးမလုပ်ခဲ့ဘူး၊ ကိုယ်ကျိုးစီးပွား မစုဆောင်းခဲ့ဘူး။ ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့က စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် တစ်လက်ကိုင်ပြုကာ စစ်အာဏာရှင်စနစ်ဖန်တီးပြီး  ကိုယ်ကျိုးစီးပွားစု ဆောင်းခဲ့ကြတာ ဖြစ် တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ အရင်းခံခြားနားချက်ဖြစ်ပါတယ်။ ထပ်တူနှိုင်းယှဉ်လို့မရတဲ့ မတူညီတဲ့ အစဉ်အလာဖြစ်တယ်။

ဒီနေ့စစ်အုပ်စုဟာ စစ်တပ်နဲ့ရှင်းရှင်းပြတ်ပြတ်ခွဲခြားပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအစဉ်အလာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ပြီး ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေတို့ရဲ့စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ်ထားပြီး နိုင်ငံရေးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ဟန်ကို အမွေဆက်ခံထားသူတွေဖြစ်ပါတယ်။ “အမျိုးသားနိုင်ငံရေး” ဆိုတာကို ဗန်းပြအရေခြုံထားတယ်။

ဗိုလ်မင်းအောင်လှိုင်က “လွှတ်တော်အသီးသီးမှာ စစ်သားအမတ်တွေ ပါဝင်နေတယ်ဆိုတာ သမိုင်းကြောင်းအရ ပါဝင်နေတာဖြစ်ပြီး၊ အမျိုးသားနိုင်ငံရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်နေတာဖြစ်တယ်” လို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောထားတယ်။ စစ်မှုထမ်းဥပဒေနဲ့ စစ်သားလုပ်နေသူတွေ မဟုတ်ဘူး၊ ခံယူချက်နဲ့စစ်ထဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်းဆိုတယ်။

(လပခ) တိုင်းမှူးဟောင်း (နဝတ) ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိမှာပါတဲ့ (ဝင်းဦးကိုအားကျတဲ့) ခံယူချက်မျိုးလား မသိပါ။

ဒါအပြင် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ထဲက ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) ကို ကိုးကားပြီး “စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ အခိုင်အမာထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်ဟာ ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မတ်လ ၁၄ ရက်နေ့က ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို တုန့်ပြန်တာလို့ ယူဆနိုင်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူ့ဟောပြောချက်ထဲမှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ထဲက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေထဲက ထင်ရှားတဲ့ဥပမာတစ်ခုအဖြစ် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ (စစ်တပ်) လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” ဆိုပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ်” လို့ ဆိုရာမှာ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းနိုင်တဲ့ တာဝန်နဲ့လွှတ်တော်အသီးသီးအတွင်းမှာရှိတဲ့စစ်သားအမတ်တွေရဲ့တာဝန်လို့ပေါင်းပြီး ပြောတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတာဝန်တွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ အမိန့်ပေးညွန်ကြားဆောင်ရွက်မှာ ဖြစ်ပါတယ်။

လွှတ်တော် အသီးသီးမှာရှိတဲ့ ၂၅% စစ်သားအမတ်တွေကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်/ဖြုတ်နိုင်/ လဲလှယ် နိုင်ပါတယ်။

စစ်သားအမတ်ဆိုတာမှာလည်း အမြင့်ဆုံးအဆင့်က “ဗိုလ်မှူးကြီး” အထိပဲပါတာပါ။ ဒါကလည်းအနည်းစုပါ။ ကျန်တဲ့အများစုက ဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီးအဆင့် ဂျူနီယာလေးတွေဖြစ်ပါတယ်။ သူတို့ခမျာလည်း “စစ်စည်းကမ်း” ဆိုတာနဲ့ အသေချည်တုတ်ခံထားရသူ တွေဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆန့်ကျင်တဲ့မဲ စစ်သားအမတ်တွေမပေးဝံ့ပါဘူး။

ဒါကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမယ့်” ဗိုလ်မင်းအောင်လှိုင်နဲ့ NLD က ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ် (တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) ကတော့ ရှောင်လွှဲလို့မရအောင် ထိပ်တိုက်တွေ့နေပါပြီ။

“၁ ဧပြီကြားဖြတ်ရွေးကောက်ပွဲ” မှာ အနိုင်ရရုံနဲ့ “NLD ရဲ့ထိပ်တန်းကိစ္စသုံးရပ်” ဖြစ်မြောက်မလာနိုင်ဘူးဆိုတာ NLD ကလည်း နားလည်သလို၊ လက်ရှိ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရကလည်း သိပါတယ်။

NLD ရဲ့ ထိပ်တန်းတင်ထားတဲ့ကိစ္စသုံးရပ်ဆိုတာဟာ စစ်တပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ၊ ပြင်ဆင်နိုင်မှသာ ဖြစ်မြောက်ပါလိမ့်မယ်။

ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ  ၇၅% ကျော်မယ့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲတွေလိုပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာလည်း ထက်ဝက်ကျော်မဲဆန္ဒရဖို့လိုပါတယ်။

လောလောဆယ်မှာတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ အဆင့်ဆင့်သော အာဏာပိုင်တွေရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို NLD ရင်ဆိုင်နေရပါတယ်။

ညွန်း

၁။ မတ်လ ၁၄ ရက်နေ့ ၊ ရေဒီယို/ရုပ်မြင်သံကြားတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောတင်ပြချက် ( ဒီလှိုင်း စာစောင် အတွဲ၁ အမှတ် ၁၀ ၊ စာမျက်နှာ ၆)

၂။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်း (မြန်မာ့အလင်းသတင်းစာ ၂၈ မတ်)

တူမောင်ညို

၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်

Burma for Army အဆုံးသတ်ဘို့ လိုပြီ
မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ငါးဆယ်ရှိခဲ့ပါပြီ။ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ခေတ်၊ စစ်အုပ်ချုပ်ရေးခေတ်တွေနဲ့ နာမည်တွေမည်သို့ပင် ပြောင်းလဲအုပ်ချုပ် အုပ်ချုပ် အရင်းခံကတော့ စစ်တပ်က ဗိုလ်ကျစိုးမိုး အုပ်ချုပ်နေခဲ့တာပါဘဲ။

၁၉၆၂ ခုနှစ်က လူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်ဗိုလ်ချုပ်များ လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်စဉ်က နိုင်ငံရေးအမျှော်အမြင်ရှိတဲ့ပုဂ္ဂိုလ်တွေက (Burma for Army – သွားပြီကွာ) လို့ ငြီးတွားခဲ့တြယ်လို့ ဆိုပါတယ်။

တိုင်းပြည်မှာ စစ်ရေးသက်သက် တာဝန်ယူရမဲ့သူတွေက ကိုယ်မကျွမ်းကျင်တဲ့ တိုင်ရေးပြည်ရေး အုပ်ချုပ်စီမံခန့်ခွဲရေးတွေမှာ လုပ်ငန်းတိုင်း ဌာနတိုင်းမှာ ၀င်ရောက်စွက်ဖက်ခဲ့လို့ တိုးတက်ဖွံ့ဖြိုးရေးကို မစွမ်းဆောင်နိုင်ယုံသာမက နဂိုမူလရှိပြီး၊ တည်ဆောက်ပြီးသား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး အရာအားလုံး ပျက်စီးခဲ့ရတယ်။ သူများတိုင်းပြည်များနည်းတူ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ထွန်းအောင် မစွမ်းဆောင်နိုင်ခဲ့တော့ ဘိုးဘွားပိုင်သယံဇာတကို အိုးရောင်းခွက်ရောင်း ရောင်းစားတဲ့ နိုင်ငံဖြစ်ခဲ့ တယ်။ ဒါအပြင် တိုင်းသူပြည်သားလူအများရဲ့ လူ့စွမ်းအားအင်းအမြစ်ကို တန်ဘိုးမထားခဲ့လို့ တိုင်းပြည်ရဲ့ ကာယဥာဏစွမ်းအားတွေ အသုံးမကျဖြစ်ခဲ့ရတယ်။

တကယ်တော့ တိုင်းပြည်တခု အင်အားရှိအောင်၊ ကမ္ဘာ့အလယ်တင့်တယ်အောင် လုပ်ဆောင်ကြရာမှာ စစ်တပ်တခုတည်းနဲ့ မလုပ်ဆောင်နိုင်ပါဘူး။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ဘာသာရေး၊ ရိုးရာယဉ်ကျေးမှု ထိမ်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေး စသဖြင့် ကဏ္ဍအသီးသီးမှာ အခန်းကဏ္ဍအလိုက် တတ်ကျွမ်းနားလည်သူတွေက ဦးဆောင်နိုင်မှသာ ကမ္ဘာ့အလယ်မှာ ခန့်ခန့်ထည်ထည်နေနိုင်မှာ ဖြစ်ပါတယ်။

လယ်သမားအလုပ်နဲ့ စစ်ဗိုလ်စစ်သားအလုပ် လုပ်ငန်းသဘာဝခြင်း မတူညီသလို စစ်ဗိုလ်စစ်သားအလုပ်နဲ့ ကုန်သည်အလုပ်လဲ လုပ်ငန်းသဘောသဘာဝခြင်း မတူညီပါဘူး။ ထို့နည်းအတူ ကုန်သည်အလုပ်နဲ့ ကျောင်းဆရာအလုပ် မတူကွဲပြားခြားနားသလို ကျောင်းဆရာရဲ့ အလုပ်နဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ဆရာဝန်၊ သူနာပြုအလုပ်လဲ မတူညီပါဘူး။ အဲဒီလိုဘဲ။  ရဲဝန်ထမ်းတွေ၊ အကျဉ်းဦးစီးဌာနက ၀န်ထမ်းတွေရဲ့ လုပ်ငန်းသဘောသဘာဝတွေဟာ စစ်တပ်ရဲ့အလုပ်နဲ့ မတူကွဲပြားခြားနားပါတယ်။

တိုင်းပြည်တွင်းက မတူကွဲပြားခြားနားတဲ့ အလုပ်တွေကို စစ်တပ်တခုထဲက သေစေလောက်တဲ့ လက်နက်ကို ကိုင်ဆောင်ထားနိုင်ယုံနဲ့ အလုပ်အားလုံးအပေါ်မှာ အထိုင်ချ၊ နေရာတက်ယူ၊ ဆရာကြီးလုပ်၊ လမ်းညွန်ချက်ပေး၊ အမိန့်တွေထုတ် စေခိုင်းနေတာဟာ လုံးဝ-လုံးဝ သဘာဝမကျသလို နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေပါတယ်။

စစ်တပ်ရဲ့ သဘောသဘာဝက စည်းကမ်းသေ၀ပ်မှု၊ အမိန့်နာခံမှုတွေကို အရေးထားကျင့်သုံးကြရတာဖြစ်ပေမဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကတော့ လွတ်လပ်မှု၊ တဦးကိုတဦး အပြန်အလှန်လေးစားမှုကို အဓိကသော့ချက်ထားကြတာ ဖြစ်ပါတယ်။

နာခံတတ်သူတွေဟာ အကြံကောင်းဥာဏ်ကောင်း မထွက်တတ်ပါဘူး။ အကြံကောင်းဥာဏ်ကောင်းရှိသူတွေကလဲ အဓိပ္ပါယ်မဲ့တဲ့ အမိန့်တွေကို မနာခံတတ်ပါဘူး။  အကြံကောင်းဥာဏ်ကောင်းရှိသူတွေကို နာခံခိုင်းရင် အကြံဥာဏ်တွေကို မြိုချပြီး အကြံကောင်းကို ထုတ်ပြောကြမယ် မဟုတ်ပါဘူး။ အကြံမပြုခင် ခြိမ်းခြောက်အာဏာပြတတ်တဲ့၊ ပေးတဲ့အကြံလဲ နားမထောင်တတ်တဲ့ စစ်ဗိုလ်တွေနဲ့ အလုပ်တွဲမလုပ်ချင်ဘူးဆိုပြီး ဘေးထွက်ထိုင်နေကြမှာပါဘဲ။ မြန်မာပြည်မှာ အမိန့်နဲ့စေခိုင်းတာကို မနာခံချင်လို့ ကိုယ်တတ်သမျှ သိသမျှ အတွေ့အကြုံတွေ အကြံကောင်းတွေ မြိုချပြီး တိုင်းပြည်တည်ဆောက်ရေးထဲ ၀င်မပါတော့ဘဲ အပြင်လောကမှာ သာမန်အိမ်၊ သာမန်ဘ၀ကလေးနဲ့ မထင်မရှား နေထိုင်နေသူ ပညာရှင်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။ အချို့သော ပညာရှင်များကတော့ နိုင်ငံရပ်ခြားကို သွား ရောက်နေထိုင်ပြီး ကိုယ့်ပညာ ကိုယ့်အကြံဥာဏ်ကို အသုံးချသွားမှာ ဖြစ်ပါတယ်။ နာခံတတ်တဲ့ တောင်မရောက် မြောက်မရောက် ကချွတ်ကခြောက် ပညာမတောက်တခေါက်တွေလောက်နဲ့ တိုင်းပြည်တည်ဆောက်နေရင် နောင်မှာလဲ မွဲမွဲတေတေ တိုင်းပြည်တွေထဲက ဖွတ်တိုင်းပြည် ဖြစ်နေဦးမှာပါဘဲ။

တိုင်းပြည်မှာ စစ်တပ်က အာဏာကို ဘယ်လောက်ထိ ဆိုးဆိုးရွားရွားယူခဲ့ သလဲဆိုတာ ပြောချင်ပါသေးတယ်။ အမြင့်ဆုံး အုပ်ချုပ်ရေး အာဏာပိုင် သမ္မတနေရာမှ အနိမ့်ဆုံးသခြိုင်းကုန်းက သုဘရာဇာအလုပ်ထိ နေရာယူလုပ်ကိုင်ခဲ့တာကို တွေ့ရပါတယ်။ လူသေကို မီးသဂြိုလ်တာတောင် ဗိုလ်မှူးလက်မှတ်ထိုးပြီးမှ သဂြိုလ်ခွင့်ပြုတယ်ဆိုတဲ့အထိ ပါလေရာ ပဲခူးဆား လုပ်ခဲ့တာ သေချာပါတယ်။

အကျဉ်းထောင်တွေမှာ စစ်တပ်ကစစ်ဗိုလ်တွေ ၀င်ရောက်အုပ်ချုပ်တာနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာနက အရပ်သားဝန်ထမ်းတဦး ပြောပြဘူးတာက (အကျဉ်းထောင်ဆိုတာ လူဆိုးလူမိုက် စရိုက်စုံတယ်။ သူတို့ကို ငြိမ်ဝပ်အောင် စိတ်ကိုစိတ်နဲ့ဘဲ အုပ်ချုပ်ရတယ်။ စစ်တပ်က စစ်ဗိုလ်တွေလာပြီး အုပ်ချုပ်တဲ့အခါ စစ်တပ်စည်းကမ်းတွေနဲ့ အကျဉ်းသားတွေကို အတင်းအကျပ်အုပ်ချုပ်တိုင်း ထောင်ဆူတတ်တယ်။ ပြဿနာအမျိုးမျိုးတက်ပြီး အဲဒီစစ်ဗိုလ် ပြုတ်ရင်ပြုတ်။ မပြုတ်ရင် ပြောင်း။ မပြောင်းရင် အလုပ်ထွက်ဖြစ်သွာတာဘဲ) တဲ့။ ဒီလိုဖြစရတာဟာ အရပ်ဘက် အုပ်ချုပ်ရေးရဲ့ ပညာသားပါမှုကို စစ်ဗိုလ်တွေ နားမလည်တာပါ။

အခုအချိန်မှာ စစ်တပ်က နိုင်ငံပိုင်စက်ရုံအများစုကို စစ်တပ်ပိုင်စက်ရုံတွေအဖြစ် မြန်မာ့စီးပွားရေးဦးပိုင်လက်အောက် ပြောင်းလဲလုပ်ကိုင်နေတာလဲ အားလုံးသိကြမယ်ထင်ပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်ဆိုတာ စစ်တပ်ပိုင်လုပ်ငန်းတွေပါ။ မြန်မာ့ဦးပိုင်လက်အောက်မှာ မွေးမြူရေးလုပ်ငန်း၊ သတ္တုတူးဖေါ်ရေးလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကစလို့ ငှက်သိုက်လုပ်ငန်းအထိ စီးပွားရေးလုပ်ငန်းကြီးငယ် အသွယ်သွယ် အမျိုးမျိုးထောင်နဲ့ချီပြီးရှိပေမဲ့ အကျိုးအမြတ်အားလုံး တိုင်းသူပြည်သားတွေနဲ့ မသက်ဆိုင်ပါဘူး။ မြန်မာ့စီးပွာရေးဦးပိုင်ဟာ ပါရမီတက္ကစီလို တက္ကစီမောင်းသမားတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမျိုးထိ လုပ်ငန်းကိုင်ငန်းအခွင့်အလမ်းမှန်သမျှ

သိမ်းပိုက်ထားလို့ တိုင်းသူပြည်သားတွေမှာ ကောက်သင်းကောက် စီးပွားရေးဘဲ လုပ်ကိုင်စားကြပါတယ်။ ဒီလိုနဲ့ တတိုင်းပြည်လုံး ဆင်းရဲမွဲတေမှုတွေ မြင့်တက်လာပါတယ်။

ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တွေက ဆင်းရဲမွဲတေမှုဆိုတာ လူနေမှုအဆင့်အတန်း နိမ့်ကျသွားတာကိုဆိုလိုပေမဲ့ မြန်မာပြည်လို တိုင်းပြည်တခုက ဆင်းရဲမွဲတေမှုဆိုတာ သေသွားတာကို ဆိုလိုပါတယ်။ အဆိုးရွားဆုံးကတော့ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေးဖျက်ဆီးမှု (ပျက်စီးခြင်းကနောက်၊ ဖျက်ဆီးခြင်းကအရင်) ဆီက ဆင်းသက်လာတဲ့ ပညာမဲ့ခြင်း။ ပညာမဲ့တော့ မသိ။ မသိတော့ မစွမ်းဆောင်နိုင်။ မစွမ်းဆောင်နိုင်ရာက နောက်ဆုံးတော့…. သေဆုံး။

အခုတလော စစ်တပ်နောက်ခံ ကြံ့ဖွတ်အစိုးက ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးကို ပြောဆိုလာတာကို ကြားသိနေရပါတယ်။ စစ်အာဏာရှင်များအနေနဲ့ ပြုပြင်ပြောင်းလဲလိုစိတ် အမှန်တကယ် ရှိ/မရှိဆိုတာ မေးခွန်းတွေ ရှိနေဦးမှာပါ။ ပြည်သူလူထု သတိထားမှာက  ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးအသုံးအနှုန်းကို ဘယ်စနစ်က ဘယ်စနစ်ကို ပြောင်းပြောင်း၊ အစိုးရများ ခေါင်းဆောင်ဆိုသူများ လေကြီးကြီးနဲ့ အော်နေကြ၊ ပြောနေကြဆိုတာပါဘဲ။

၁၉၇၉ ခုနှစ်က အာဖကန်နစ်စတန်နိုင်ငံကို ရုရှားတပ်တွေ ၀င်လာတော့လဲ ပြုပြင်ပြောင်းလဲရေးလို့ ကြွေးကြော်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းအာဖကန်ပြည်သူပြည်သားတွေရဲ့ လုပ်နိုင်ကိုင်နိုင်၊ ပြောနိုင်ဆိုနိုင်ခွင်တွေ ပိတ်ပင်ခဲ့လို့ အာဖကန်ပြည်သူတွေ ပြည်ပကို ထွက်ပြေးခဲ့ကြရတယ်။ ၁၉၆၂ ခုနှစ်က စစ်အာဏာရှင် ဗိုလ်နေ၀င်း စပြီးအာဏာသိမ်းချိန်မှာလဲ (ခေတ်ပြောင်းတော်လှန်ရေး) လို့ အမည်တပ်ခဲ့တယ်ဆိုတာ မမေ့သင့်ပါ။ လက်တွေ့မှာတော့ ပြည်သူလူထု အကျိုးစီးပွားမပါဘဲ အာဏာတည်မြဲရေးအခြေခံတဲ့ စစ်တပ်အကျိုးစီးပွားချည်းသက်သက် လုပ်ကိုင်သွားတာကို နိုင်ငံသားတိုင်းသိပြီး ဖြစ်ပါတယ်။

ပြည်သူတွေ ဆန်းစစ်ရမှာက ပြုပြင်ပြောင်းလဲရေးဆိုရာမှာ ပြည်သူ့အကျိုးစီးပွား ဘယ်လောက်ပါပြီလဲဆိုတာ လေ့လာဆန်းစစ်သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ အစိုးရဆိုတာ ဘယ်အစိုးရဖြစ်ဖြစ် အတူတူတွေချည်းဘဲဆိုတဲ့ ရှေးရိုးစွဲအဆိုတရပ်နဲ့ နိုင်ငံရးကို လျစ်လျူရှုနေလို့ မဖြစ်ပါဘူး။

အစိုးရတွေ မတူကြပါဘူး။ ဆရာဝန်တွေ ဆရာဝန်ခြင်းမတူသလို ကျောင်းဆရာတွေလဲ ကျောင်းဆရာခြင်း မတူပါဘူး။ အပ်ချုပ်ဆရာတွေ အပ်ချုပ်ဆရာခြင်း မတူသလို ဆံပင်ညှပ်ဆရာလဲ ဆံပင်ညှပ်ဆရာခြင်း မတူပါဘူး။ ထပ်ပြောပါဦးမယ်။ မုန့်ဟင်းခါးဆိုင်လဲ တဆိုင်နဲ့တဆိုင်မတူပါဘူး။ ထမင်းဆိုင်လဲ ထမင်းဆိုင်ခြင်း မတူပါဘူး။ စိတ်စေတနာနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး အကျိုးကျေးဇူးတွေ ကွာခြားကြပါတယ်။ ဒီလိုပါဘဲ။ အစိုးရတွေလဲ စနစ်တခုနဲ့တခု၊ အစိုးရတခုနဲ့တခု မတူပါဘူး။ မတူကြလို့သာ ကမ္ဘာပေါ်မှာ မတူညီတဲ့ စနစ်တွေအောက်က မတူညီတဲ့ အစိုးရတွေအပေါ် မူတည်ပြီး တိုင်းသူပြည်သားတွေ ချမ်းသာသုခ၊ ဆင်းရဲဒုက္ခ မတူကြတာဖြစ်ပါတယ်။ ဘ၀လုံခြုံမှုတွေ ကွာခြားကြတာ ဖြစ်ပါတယ်။ မတူညီတဲ့စနစ်နဲ့ မတူညီတဲ့အစိုးရတွေ ဒီကမ္ဘာပေါ်မှာရှိနေတာ အမှန်စင်စစ် ဧကန်ဖြစ်လို့ ပြည်သူ့အကျိုးစီးပွား အကောင်းဆုံးလုပ်ဆောင်ပေးမဲ့စနစ်နဲ့ အစိုးရမျိုးရရှိအောင် ကြံဆောင်ကြရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ယခုပြောဆိုနေကြတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မှီတည်ပြီး သွားနေသေးတာဖြစ်လို့ ပြည်သူ့အကျိုးစီးပွား အဓိကမဟုတ်သေးဘဲ (စစ်တပ်အဓိက) ဖြစ်နေသေးတယ်ဆိုတာ တာဝန်သိသိ သတိရှိရှိ မမေ့ကြဘို့ လိုပါတယ်။ မယောင်မန မတွေဝေကြပါနဲ့။ သေနတ်နဲ့ ချိန်ပြောပြော၊ ထောင်ချပြောပြော၊ လေပြေထိုးပြောပြော၊ လေပွဲစားတွေ အငှားချပြောပြော၊ ရွေပြည်အေးတရားဟောဟော သူတို့အပြောသက်သက်၊ အဟောသက်သက်ကို မကြည့်ကြပါနဲ့။ လက်တွေ့လုပ်ငန်းစဉ်တွေ၊ ထုတ်ပြန်တဲ့ ဥပဒေတွေမှာ ပြုပြင်ပြောင်းလဲရေးဟာ ပြည်သူ့အကျိုးစီးပွားနဲ့ ယှဉ်တဲ့ပြုပြင်ပြောင်းလဲရေးမျိုး၊ ပြည်သူ့လွတ်လပ်မှုနဲ့ ပြည့်စုံတဲ့ ပြုပြင်ပြောင်းလဲရေးမျိုး ဖြစ်သည်အထိ ဇွဲကောင်းကောင်းနဲ့ ချီတက်ကြရပါလိမ့်မယ်။ ကိုယ့်အင်အားကိုယ် တည်ဆောက်ပြီး ပြည်သူ့အကျိုး၊ ပြည်သူ့လွတ်လပ်ခွင့်တွေ ပြည့်စုံကုံလုံတဲ့အထိ စစ်အာဏာရှင်စနစ်ကို တွန်းထုတ်ကြရဦးမှာပါ။ နည်းလမ်းအသွယ်သွယ်နဲ့ လုပ်ကြရပါလိမ့်မယ်။ ကိုယ်ရောက်ရှိရာနေရာက မဆုတ်မနစ်သော ၀ိရိယတွေ၊ အားထုတ်မှုတွေနဲ့ တွန်းထုတ်ကြရမှာပါ။

မြန်မာပြည်သူတွေ အနှစ်ငါးဆယ်လုံးလုံး စစ်ကျွန်အဖြစ်နွံနစ်ခဲ့ရပြီးပါပြီ။

တပ်မတော်ဆိုတဲ့ စစ်တပ်ကို ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့စဉ် မူလရည်ရွယ်ချက်မှာ မြန်မာပြည်က စစ်တပ်တတပ်ကို ပိုင်ဆိုင်ဘို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာရှင် ဦးနေ၀င်းလက်ထက်ကစပြီး စစ်တပ်က မြန်မာပြည်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ စစ်အာဏာရှင်ဗိုလ်ချုပ်တွေရဲ့လက်ထဲမှာ (Burma for Army) အဖြစ် တိုင်းပြည်ကို အသုံးချသွားခဲ့ပြီလို့ ပြောရမှာပါ။

ဒီနေ့ ဒီအချိန်အခါမှာ ဘယ်နည်းဘယ်လိုဘဲဖြစ်ဖြစ် (Burma for Army) အဆုံးသတ်ဘို့ လိုနေပြီ ဖြစ်ကြောင်း အဆိုပြုလိုက်ပါတယ်။

ပြည်သူနှင့်အတူ အမြဲရှိသော…..

မမခင်

(၂၃၊ ၃၊ ၂၀၁၂)

အထည်ချုပ်ကားတိမ်းမှောက်ရာ ကိုယ်ဝန်ဆောင်သည်ပါ သေဆုံးပြီး ဒါဏ်ရာရသူ များပြား
စက်ရုံကြိုပို့ကား တိမ်းမှောက်မှုကြောင့် ကိုယ်ဝန်ဆောင်သည်များပါ သေဆုံးခဲ့ပြီး စက်ရုံပိုင်ရှင်က တစုံတရာ လျော်ကြေးပေး ဆေးကုသခြင်းမရှိကြောင်း ဝန်ထမ်းတဦးက ပြောသည်။

ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရထားသူတဦး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုံမှ ADK အထည်ချုပ်စက်ရုံမှ ယာဉ်မောင်း ကျော်မင်း မောင်းနှင်သည့်ကားသည် ယခုလ ၁၅ ရက်နေ့ညပိုင်းတွင် တိမ်းမှောက်ခဲ့ခြင်းကြောင့် အလုပ်သမားလေးဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

“အချိန်ပိုဆင်းပြီးပြန်လာတဲ့အချိန် ည ၉ နာရီလောက်မှာဖြစ်တာ၊ ဒညင်းကုန်းလမ်းဆုံမရောက်ခင်မှာ ကားသမားက ရှေ့ကားကို ကျော်တက်ရင်း ကွန်တင်နာ တင်လာတဲ့ကားနဲ့ချိတ်မိပြီး မှော​က်သွားတာ၊ နေရာမှာဘဲ တယောက်ပွဲချင်းပြီးသေတယ်၊ နောက်ထပ်သုံးယောက်က ဆေးရုံမှာ ဆုံးသွားတာ၊ ဒါဏ်ရာရသူတွေလဲ အများကြီးဘဲ” ဟုပြောသည်။

အခင်းဖြစ်ပွားစဉ် ဒေါ်ယုကြည်(၄၅) နှစ်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်အေးမြင့် (၄၂) နှစ်၊ မသီတာဝင်း(၂၂) နှစ်၊ ကိုယ်ဝန် (၅) လနှင့် မ၀င်းမာစန်း(ခ) လွင်မာဦး(၂၅) နှ​စ်တို့မှာ ဆေးရုံတွင် ထပ်မံသေဆုံးခဲ့ကြောင်း ၎င်းဝန်ထမ်းက ဆက်ပြောသည်။

ထို့အပြင် နှင်းပပအေး (၂၁)နှစ်၊ ဘယ်ဘက်ပုခုံးအဆစ် ပြုတ်။ သန်းစန္ဒာထွေး (၂၄)နှစ်၊ ဦးခေါင်းထိ ဘယ်ဘက်နံရိုး အမှတ်(၂) ကနေ အမှတ်(၁၁) ထိကျိုး။ သန္တာလင်း (၂၇) နှစ် နံရိုးက သားအိမ်​ကို ထိုးမိသည့်အတွက် သားအိမ်ထုတ်ရ။ သူဇာလင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရော​က်နေပြီး ဦးခေါင်းထိ၊ သရက်ရွက်ကြွေ၊ နှလုံးထိ၊ နံရိုးကျိုး၊ တင်ပဆုံထိ​။ မ၀င်းခိုင် (၁၈) နှစ် ဘယ်ဘက်ခေါင်းထိ။ နှင်းပွင့်ဖြူ (၁၆) နှစ် ညာဘက်လက်သန်း၊ လက်သကြွယ်​၊ လက်ခလယ် ပြတ်တောက်ပြီး အသီးသီး ဆေးရုံတင် ထားရသည်။

စက်ရုံအလုပ်သမားများနေဖြင့် ယင်းကဲ့သို့ ထိခိုက်ဒါဏ်ရာခံစားနေသော်လည်း စက်ရုံပိုင်ရှင်ဘက်မှ တာဝန်ယူမှု တစုံတရာမရှိကြောင်း ဝန်ထမ်းက ဆက်ပြောသည်။

“စက်ရုံက အခုထိဆေးဝါးကုသဖို့ ကုန်ကျစရိတ်ကို မပေးတော့ ဒါဏ်ရာရနေတဲ့ အလုပ်သမတွေ ဓါတ်မှန်ရိုက်ဖို့ ကုန်ကျစရိတ်မတတ်နိုင်တဲ့ အခြေအေ​နဖြစ်နေတယ်၊ စက်ရုံက ပါကင်ဌာန အလုပ်သမား ကျော်မင်းထွန်းတစ်ယောက်ကိုဘဲ ဆေးရုံကိုလွှတ်ပြီး ဆေးဖိုးငွေ အနည်းအကျဉ်းထုတ်ပေးတယ်၊ စက်ရုံတာဝန်ရှိတဲ့သူတွေ တယောက်မှ လာမကြည့်ကြဘူး၊ ကျော်မင်းထွန်းက စက်ရုံ မန်နေဂျာကို ဆေးဝယ်ဖို့ ဘောက်ချာတွေကို ဆရာဝန်တွေပေးထာြး​ပီး ၀ယ်ဖို့ငွေလိုနေကြောင်း ဖုန်းဆက်အကြောင်းကြားတာကို မန်နေဂျာက ဖုန်းမကိုင်ဘဲနေတယ်” ဟု ဆက်ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အလုပ်ရှင်ဘက်မှ အလုပ်ပြင်ပချိန်တွင် ဖြစ်ပွားသည့်အတွက် တာဝန်မရှိကြောင်း ပြောဆိုသည့်သတင်းများထွက်ပေါ်နြေ​ပီး ဥပဒေလမ်းကြောင်းအရ အလုပ်သမားများအနေဖြင့် တစုံတရာ အကာကွယ်မရသည့်အခြေအနေ ကြုံတွေ့နေရလျှက်ရှိသည်။

ဘာသာရေးအကြောင်းပြ ငွေကြေးကောက်ခံနေမှုကြောင့် ရပ်ကွက်နေပြည်သူများ မကျေမနပ်ဖြစ်နေ
သာသနဗိမာန်ဆောက်လုပ်ရန် ငွေကြေးကောက်ခံနေမှုကြောင့် ရပ်ကွက်နေပြည်သူများ မကျေမနပ်ဖြစ်နေကြောင်း ဒေသခံ တဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် တည်ဆောက်လျှက်ရှိသည့် သာသန ဗိမာန်တော်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မဖြစ်မနေ ထည့်ဝင်ရမည်ဟု ပြောဆိုကောက်ခံနေခြင်းဖြစ်သည်။

“ရပ်ကွက်မှာ နေတဲ့သူတွေက လက်လုပ်လက်စားတွေဘဲ ဆိုတော့ အခုလို မဖြစ်မနေထည့်ရမယ်ဆိုတော့ မကျေမနပ်ဖြစ်နေတာပေါ့၊ တအိမ်ကို (၃၀၀၀) ထည့်ရမယ်ဆိုပြီး ရပ်ကွက်မှူးတွေက ကောက်ခံနေတာ”ဟု ပြောသည်

ယင်းကဲ့သို့ အလှူခံကောက်ခံနေသည့် ရပ်ကွက်များမှာ ပေါက်ကုန်းရပ်ကွက် အပိုင်(၁)ရပ်ကွက်မှ အပိုင် (၁၅) ရပ်ကွက်အထိ ဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။

အဆိုပါ ရပ်ကွက်များတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း (၂၂၀၀) ရှိပြီး သာသနာ့ဗိမာန်တော်မှ စတင်ဆောက်လုပ်နေလျှက်ရှိကြောင်း ဒေသခံက ဆက်ပြောသည်။

ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့် အမှုကို မိခင်ဖြစ်သူက သမ္မတထံ တိုင်ကြား
ရဲအာဏာပိုင်များ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့်အမှုကို မိခင်ဖြစ်သူက နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားထားခဲ့သော်လည်း ယနေ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၇၄) ဧရာလမ်းနေ ဦးမျိုးဇော်ဦးသည် နယ်မြေခံ ရဲဝန်ထမ်းတို့၏ ဖမ်းဆီးရိုက်နှက်စစ်ဆေးရမှုကြောင့် ယခုလ ၇ ရက်နေ့တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ယခုလ ၃ ရက်နေက ဦးမျိုးဇော်ဦး နေအိမ်တွင် ရှိနေစဉ် ရဲတပ်ကြပ် ကျော်ထွန်းသန်း၊ ရဲတပ်သားတဦးနှင့် လမ်းမှူး ဦးစံညွှန့်တို့က အမှတ် (၅) လှိုင်သာသာ ရဲကင်းသို့ ခေါ်ဆောင်သွားပြီး မိသားစုနှင့် တွေ့ခွင့်မရဘဲ ရုံးထုတ်သည့် နေ့ရောက်မှ ရိုက်နှက် ခံထားရသည့်ဒါဏ်ရာများကို တွေ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ငွေသိမ်းက ပြောသည်။

“ဖမ်းသွားပြီး နောက်တနေ့မှာ စခန်းမှာ သွားတွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးထုတ်မှ တွေ့ရမယ်ဆိုပြီးပြောတယ်၊ (၆) ရက်နေ့ရုံး ထုတ်တော့ တရားရုံးမှာ တွေ့ရတော့ မျက်ခုံးတွေကွဲပြီး မျက်စိလဲ ဖူးယောင်နေတယ်၊ ပါးနှစ်ဖက်စလုံး ရောင်နေတယ်၊ နားထင်တွေကွဲနေတယ်၊ တရားက ရုံးအုပ်ဒေါ်အေးသီက ဆေးရုံချက်ချင်းသွားခိုင်းလို့ သွားပြီး ချုပ်တာ တွေလုပ်ရတာ” ဟု ဆက်ပြောသည်။

ကိုမျိုးဇော်ဦးအား တရားရုံးသို့ ပြန်ခေါ်လာပြီး ညနေပိုင်းတွင် အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်လိုက်ပြီးနောက် (၇) ရက်နေ့တွင် ရပ်ကွက်အာဏာပိုင်များ အကြောင်းကြားမှ သေဆုံးသွားကြောင်း သိရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

“မနက် (၉) နာရီလောက်မှာ သူ့သား မျိုးမင်းစိုးကို ရပ်ကွက်ရုံးက ဦးမောင်လတ်က လာခေါ်တယ်၊ ရုံးရောက်တော့ ရဲတပ်ကြပ် ကျော်ထွန်းသန်းက မင်းအဖေ ထောင်ထဲမှာ ဆုံးပြီးလို့ပြောတော့မှ သိရတာ၊ အင်းစိန်ထောင်လိုက်သွားတော့ သေဆုံးကြောင်း အကြောင်းကြားစာကို နေ့လည် ၂ နာရီကျော်လောက်မှရတယ်” ဟု ပြောသည်။

အဆိုပါသေဆုံးကြောင်း ဆေးစာတွင် (၇) ရက်နေ့ နံနက် ၃ နာရီခန့်တွင် သွေးတိုး လေဖြတ်ရောဂါဖြင့် သေဆုံးသွားကြောင်း ရေးသားထားသည်ဟု ဆက်ပြောသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဦးလှမျိုးထွန်းနှင့် ညီမဖြစ်သူတို့က (၁၉၉) သို့ ဖုန်းဆက်တိုင်ကြားခဲ့ပြီး အင်းစိန်ရဲစခန်းတွင် ဆေးစာများ သွားတောင်းယူရာ စခန်းမှူး ဦးအောင်မိုးက တရားရုံးရောက်မှ တောင်းယူရန် ပြောဆိုခဲ့သည်။

“စခန်းမှူးက အခုဖြစ်တဲ့ လှိုင်သာယာရဲစခန်းက နယ်ထိန်း စောနိုင်ဦးဆိုတာ သူ့သူငယ်ချင်းဘဲ၊ စခန်းက တာဝန်ရှိသူတွေက မှားခဲ့ပေမဲ့ မောင်နှမလို သဘောထားပြီး လျော့လျော့ပေါ့ပေါ့လုပ်ကြပါဆိုပြီး ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

ဦးဇော်မျိုးဦး သေဆုံးရခြင်းနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ယခုလုပ်ရပ်သည် ရဲလုပ်ပိုင်ခွင့်ထက်ကျော်လွန်သည့် ပြုမူမှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးချိုးဖောက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းတို့ကို ရေးသားဖော်ပြ၍ နိုင်ငံတော်သမ္မတ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပြည်ထဲရေးဌာအပါအဝင် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့  ယခုလ ၁၄ ရက်နေ့တွင် ပူးတွဲပေးပို့ တိုင်ကြားထားသည်။

နာရေးအသင်းပိုင် ကားများကို သိမ်းဆည်းသည့်အတွက် မြို့ခံများ အခက်ခဲကြုံတွေ့နေရ
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့ပေါ်တွင် နာအရေး ကူညီမှုအသင်းပိုင် ကားများကို လိုင်စင်မဲ့အကြောင်းပြ၍ ဒေသခံအာဏာပိုင်များက သိမ်းဆည်းခဲ့သည့်အတွက် မြို့ခံများ အခက်အခဲတွေ့နေရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်းက တောင်တွင်းကြီး ယာဉ်ထိန်းရဲအဖွဲ့က စိတ္တသုခနှင့်ဇီဝိတ အသင်းပိုင်ကားငါးစီးကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံ တဦးက ပြောသည်။

“သူတို့က လိုင်စင်မဲ့ဆိုပြီးလာသိမ်းတာ၊ အဲဒါကို မထသ ဥက္ကဌကနေ လာပြောတာပါ၊ သိမ်းတဲ့အထဲက တစီးကတော့ နာရေးကားတွေနဲ့ ပါတ်သက်ပြီး ခွင့်ပြုထားတဲ့ ဟာဆိုပြီး သူတို့ ပြန်ပေးတယ်၊ ကျန်တဲ့ ကားတွေကတော့ ဆုံးမဲ့အနေအထားဖြစ်နေပါတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ကားများသိမ်းဆည်းခဲ့ခြင်းကြောင့် ဒေသတွင်း နာရေးဖြစ်လာပါက မြို့ခံများအနေဖြင့် အခြားကားများကို ငှားရမ်းရသည့်အတွက် ကုန်ကျစရိတ် ပိုမိုများပြားကြောင်း မြို့ခံက ဆက်ပြောသည်။

“မြို့ပေါ်က နာရေးကိစ္စဆိုရင် ဒီအသင်းတွေက ကားတွေနဲ့ ပို့ပေးနေတာက နေပြည်တော်ဆိုရင် ရှစ်သောင်းပေးရတယ်၊ အခုလို ကားတွေသိမ်းလိုက်တော့ အပြင်က ကားတွေကိုငှားရတော့ တသိန်းနှစ်သောင်းပေးရတယ်၊ ဆင်းရဲနွမ်းပါးတဲ့ မရှိတဲ့သူတွေအတွက်ကတော့ အခက်အခဲဖြစ်သွားတာပေါ့၊ မြို့ပေါ်မှာ အရေးပေါ်ကြုံလာပြီဆိုရင် ငှားရတဲ့အနေအထားဖြစ်တဲ့အတွက် အားလုံးနစ်နာပါတယ်” ဟု ပြောသည်။

တောင်တွင်းကြီး မြို့ပေါ်ရှိ စိတ္တသုခ နာရေးကူညီမှုအသင်းကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဇီဝိတအခမဲ့ဆေးခန်းကို ၂၀၁၁ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြို့နယ်အခွန်ရုံးက တရားဝင်အခွန်အပြင် ထပ်မံငွေကောက်ခံနေ
တပိုင်တနိုင်လုပ်ငန်း လုပ်ကိုင်သူများထံမှ မြို့နယ်အခွန်ဌာနက တရားဝင်အခွန်အပြင် သိန်းချီငွေကြေးတောင်းယူနေခြင်းကြောင့် လုပ်ငန်းရှင်းများ အခက်ခဲဖြစ်နေကြသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့်လ ၂၀ ရက်နေ့မှ စတင်ကာ ကျောက်စရစ်လုပ်ငန်း လုပ်ကိုင်သူများထံ အခွန်ဦးစီးဌာနက ကောက်ခံနေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တဦးက ပြောသည်။

“ကျနော်တို့က စည်ပင်သာယာကို တနှစ်စာအတွက် (၃) သောင်းပေးပြီးပြီ၊ အဲဒါကို ထပ်ပြီး အခွန်ရုံးက ဘာပြေစာမှမပါဘဲ တသိန်းခွဲ၊ နှစ်သိန်း ထပ်တောင်းနေတာ” ဟု ပြောသည်။

ယင်းကဲ့သို့ ကျောက်စရစ်စည်ပိုင်းနှင့် ကျောက်ငုတ်များ လုပ်ကိုင်နေသူများထံ သိန်းချီကာ အခွန်ကောက်ခံသည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေထိ ငွေကြေးအခက်အခဲဖြစ်နေကြောင်း ဆက်ပြောသည်။

“လုပ်ငန်းက စည်ပိုင်းလေး၊ ကျောက်ငုတ်တွေလောက်ဘဲလုပ်တာ အခုလို ကောက်တော့ မပေးနိုင်ဘူး၊ အဲဒီတော့ လုပ်ငန်းနားရမဲ့အခြေအနေဖြစ်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လွှတ်တော်တွင် ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုများလျော့ချသည့်အနေဖြင့် လခတိုးပေးရန် အဆိုတင်သွင်းအတည်ပြုခဲ့သော်လည်း လက်တလောတွင် ယခုကဲ့သို့ ဝန်ထမ်းများက ငွေကြေးကောက်ခံမှုများ ဆက်လက်ဖြစ်ပွားနေလျှက်ရှိသည်။